Pages

Saturday, April 20, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ၀မ်ပေါင်ကုမ္မဏီရုံးဝင်းအတွင်း မူးယစ်ဆေးဝါးများသုံးစွဲ၍ လူသေဆုံးရမှုဖြစ်

ဧပြီ(၂၀)





စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ တရုတ်နိုင်ငံမှ လာရောက် လုပ်ကိုင်လျက်ရှိသော ၀မ်ပေါင် ကြေးနီတူးဖော်ထုတ်လုပ်ရေး ကုမ္မဏီရုံးဝင်း အတွင်း မူးယစ်ဆေးဝါးများသုံးစွဲ လျက်ရှိရာ လူသေဆုံးခဲ့ရမှုများဖြစ်ပေါ် လျက်ရှိကြောင်း

၎င်းကုမ္မဏီတွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ ၀န်ထမ်း တစ်ဦးမှ ပြောကြားသည်။

“ မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲမိတာကြောင့် သင်္ကြန်အကြတ်နေ့က တရုတ်တစ်ယောက်သေးဆုံးခဲ့ရပါတယ်..” ဟု ၎င်းက ဆက်လက်၍ ပြောဆိုသည်။

အဆိုပါ လူသေဆုံးရခြင်းနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ “ သေဆုံးသူက တရုတ်လူမျိုးဖြစ်ပါတယ်..။

နာမည်ကတော့ မစ္စတာ ရန်ကွယ်လုံ (အဘ) မစ္စတာ ချိန်မာဆက် ဆိုသူဖြစ်ပါတယ်..။ သေဆုံးစဉ်ကတော့ နှာခေါင်းနဲ့ ပါစပ်ထဲကနေ အမြှုတ်တွေများစွာထွက်နေတာကို စီစစ်တွေ့ရှိရပါတယ်၊” ဟု ၎င်းက တုန့်ပြန်ပြောကြားသည်။

ရဲဝန်ထမ်းများ အခြေစိုက်နေထိုင်လျက်ရှိသော အဆိုပါ ကုမ္မဏီကြီးသည် တရုတ်နိုင်ငံသား ရာနှင့်ချီ၍ နေထိုင်လျက်ရှိ သော်လည်း ဒေသခံများနှင့် ခင်မင်ရင်းနှီစွာ ပြောဆိုဆက်ဆံခွင့်မရရှိကြောင်း မိုးကြိုးပြင်နှင့် ဆည်တည်းကျေးရွာနေ ဒေသခံ တောင်သူများက ဆိုသည်။

“ သေဆုံးသူကို ဆေးရုံပို့ဆောင်ထားပါတယ်..။
သူနေထိုင်ရာ အခန်းကို ၀င်ရောက်စစ်ဆေးကြည့်တဲ့အခါ ဆက်စပ် ပစ္စည်းအချို့ကိုတော့ တွေ့ရှိခဲ့ရပါတယ်..” ဟု အဆိုပါ ကုမ္မဏီနှင့် အကျိုးတူလုပ်ကိုင်လျက်ရှိသော မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္မဏီလီမီတက် တွင်တာဝန်ထမ်းဆောင်နေသူလည်းဖြစ် တပ်မတော်အရာရှိဟောင်း တစ်ဦးလည်းဖြစ်သူ ဦးမြင့်အောင် ဆိုသူက ပြောဆိုသည်။

မုံရွာခရိုင်အတွင်း၌ တရုတ်လူမျိုးများသဂြိုလ်နိုင်သော သုဿန်မှာ မုံရွာမြို့တစ်မြို့တည်းတွင်ရှိကြောင်း၊ ယင်း သုဿန် အား စောင့်ကြပ်ရ သူတစ်ဦးမှလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ ကုမ္မဏီဝန်ထမ်း တရုတ်လူမျိုးများ မကြာခဏ သေဆုံးလေ့ရှိကြောင်း ထုတ်ဖော်ပြောဆို ခဲ့သော်လည်း ဘာကြောင့်သေဆုံးခဲ့ရသည်ကိုတော့ ပြောဆိုခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့် လအနည်းခန့်က မြန်မာနိုင်ငံသား စိုင်နော်ခမ်းအား တရုတ်နိုင်ငံ တရားရုံးတစ်ခုမှ ဆေးထိုးကွက်မျက်ခဲ့ပြီး နောက် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ၀မ်ပေါင်ကုမ္မဏီရုံးဝင်းအတွင်း မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကြောင့် ယခုလို လူသေဆုံးရသည့် အခြေအနေများရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Daily News

1 comment:

  1. ဥပဒေမဲ့နေထိုင်သူတွေကို မြန်မာနိုင်ငံက လုပ်ငန်းဆက်လက် လုပ်ကိုင်ခွင့် ပေးမှာလား

    ReplyDelete