Thursday, September 26, 2013

၁၁၅ မိုင် ယာဉ်ရပ်နားစခန်း ပျံကျ ဈေးဆိုင်တန်းများ ရှင်းလင်း

0 comments
တောင်ငူ၊ စက်တင်ဘာ ၂၄

ဖြူးမြို့နယ် ဒိုင်းတစ်ရာကျေးရွာ အုပ်စု ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းရှိ ပျံကျဈေးဆိုင် ၁၅၀ ခန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၄ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော လူ ၂၀၀ ခန့်ဖြင့် ရှင်းလင်း ခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပျံကျဈေးဆိုင်များကို ရွှေ့ပြောင်းရန် စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ရက်သတ္တ တစ်ပတ်ကြာ အချိန်ပေးခဲ့ပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ရှင်းလင်း ဖယ်ရှား ခဲ့ခြင်း ဖြစ်ကြောင်း၊ ပျံကျဆိုင်ခန်းများကို ဆိုင်ပိုင်ရှင်များ ကိုယ်တိုင် ဖျက်သိမ်းခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ပြီးစီးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်း သန့်ရှင်းသာယာလှပရေး၊ မီးဘေး ကာကွယ်ရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် အနားယူ အပန်းဖြေနိုင်ရေးအတွက် ပလက်ဖောင်းပေါ် ရောင်းချသည့် ပျံကျ ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချနေခြင်း ကို ပိတ်သိမ်းရန် မြို့နယ်အုပ်ချုပ်ရေးရေး အဖွဲ့၏ အစည်း အဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန် ရခြင်း ဖြစ်ကြောင်း ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ပြောဆိုသည်။

အမြန်လမ်း စီမံကိန်းကြောင့် မြေသိမ်းဆည်းခံရကာ လုပ်ကိုင်စားသောက်ရန် မြေမရှိ သဖြင့် ဈေးရောင်းချ နေ ရခြင်းဖြစ်ပြီး ဈေးရောင်းခွင့် အပိတ် ခံရမှုကြောင့် မည်သို့ လုပ်ကိုင် စားသောက် ရမည်ကို မသိရှိကြောင်း၊ ၎င်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စားဝတ်နေရေးအတွက် စဉ်းစားပေးစေ လိုကြောင်း အမြန်လမ်း တည်ဆောက်ရေး စီမံကိန်းကြောင့် လယ်မြေ ၂ ဒသမ ၇ ဧက သိမ်းဆည်းခံ ခဲ့ရသဖြင့် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် ပျံကျဈေးဆိုင် ဖွင့်လှစ်ရောင်း ချသူ ဒေါ်ဝိုင်းကြည်က ပြောကြားသည်။

၂၀၀၇ ခုနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းကြောင့် ဖြူးမြို့နယ် ဒိုင်းတစ်ရာ ကျေးရွာ အနီးတစ်ဝိုက်ရှိ ရွာပေါင်း ၁၅ ရွာမှ ဒေသခံများ၏ လယ်ယာမြေများ သိမ်းဆည်းခံရသဖြင့် သိမ်း ဆည်းခံရ သူများက ၂၀၁၂ ခုနှစ်တွင် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း၌ ပျံကျ ဈေးဆိုင်များ ဖွင့်လှစ်ခဲ့ရာ မဖယ် ရှားမီ ကာလအထိ ဆိုင်ပေါင်း ၂၀၀ ခန့် ရှိကြောင်း ပိတ်သိမ်းခံ ပျံကျဈေးဆိုင် ပိုင်ရှင်များ က ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here