Thursday, September 26, 2013

ကွတ်ခိုင်မြို့နယ်အတွင်း လမ်းကြိုလမ်းကြားများတွင် မူးယစ်ဆေးဝါး သုံးစွဲမှုများရှိနေ

0 comments


26.9.2013

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်အတွင်း လမ်းကြိုလမ်းကြားများတွင် မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိနေကြောင်း မြင်တွေ့ရသူ တစ်ဦးက ပြောသည်။အဓိက သုံးစွဲသည့်နေရာများမှာ ကွတ်ခိုင်မြို့ရပ်ကွက်(၅) မြို့လယ်တံတားအနီးရှိလမ်းကြား(မူးယစ်ဆေးဝါးများ ပေါ်တင်ထိုးသွင်းနေသော နေရာဖြစ်၍ ဒေါက်တာလမ်းဟု အများက ခေါ်သောလမ်း)နှင့်အများပိုင် ပန်းခြံအား နွားပွဲဈေးအဖြစ် ပြုလုပ်ထားသော နေရာတို့တွင် အဓိက အသုံးပြုသူများလျှက်ရှိနေကြောင်း ဒေသခံအချို့က ပြောကြသည်။

“မနက် ရှစ်နာရီဆိုရင် ဆူညံနေတာပဲ (၅၀၀) ဖိုး (၁၀၀၀) ဖိုးနဲ့ ပိုထည့်ပေးဦး၊ ဆေးထိုးအပ်ငှားအုံးစတဲ့ အသံတွေနဲ့ကို ဆူညံနေတာပဲ”ဟု ရပ်ကွက် (၅) လမ်းကြားတွင်နေထိုင်သူ တစ်ဦးက ပြောသည်။
ယင်းသို့ သုံးစွဲသူများအား တစ်ခါတစ်ရံတွင် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ထိန်းများမှ လာရောက် စစ်ဆေးသော်လည်း အကျိုး မထူးကြောင်း သိရှိရသည်။ မူးယစ်ဆေးဝါးများအား အဓိကဖြန့်ဖြူးသူများ အနီးတ၀ိုက်တွင် ရှိနေပြီး အဆင်ပြေသလိုဖြန့်ဖြူးပေးနေကြောင်း သိရှိရသည်။

“အဓိကဖြန့်တဲ့သူတွေက မြို့လယ်မီးကင်းတဲ အနားမှာကို ရှိနေတာ သုံးစွဲသူတွေက အဲဒီအနားမှာ နေပြီးရတဲ့ အလုပ်ကို လုပ်ပြီး (၅၀၀) ဖိုး၊ (၁၀၀၀) ဖိုးဝယ်သုံး။ မိသားစုတွေက စားရ မဲ့သောက်ရမဲ့ တွေနဲ့ စိတ်မချမ်းသာ စရာတွေပါ”ဟုဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ မူးယစ်ဆေးဝါး များအား ခန္ဓာကိုယ်အတွင်း ထိုးသွင်းအဆင့် ရှိသူများအား ရောဂါပြန့်ပွားမည်ကို ကာကွယ် ရန် ကွတ်ခိုင်မြို့ MANA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ အသုံးပြုပြီး ဆေးထိုးအပ်များအား (၁၀)ကျပ်နှုန်းဖြင့် ပြန်လည် သိမ်းဆည်းပေးခြင်း၊ ဆေးထိုးအပ်များ လိုက်လံ သိမ်း ဆည်းခြင်း၊ ဆေးထိုးအပ် အသစ် များ ပြန်လည်ဝေငှပေးခြင်း တို့ဖြင့် HIV ရောဂါ ဖြစ်ပွားနိုင်မှုအား ထိန်း ချုပ်နေကြောင်း ပြော ကြားသည်။

၎င်းအဖွဲ့အစည်းမှ တစ်ရက်လျှင် ဆေးထိုးအပ်ပေါင်း (၇၀၀) မှ (၈၀၀) အကြား ကောက်ခံ ရရှိနေကြောင်း မူးယစ်ဆေးဝါး သုံးစွဲသူများကိုလည်း မတ်သာဒုံးဆေးဖြင့် အစားထိုး ကုသမှု ပေးနေ ရကြောင်း အဆိုပါအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မူးယစ်တိုက်ဖျက်ရာတွင် NGO အဖွဲ့အစည်း များသာမက နိုင်ငံတော်အဆင့်နှင့် ဒေသခံပြည်သူများ လက်နက်ကိုင် အဖွဲ့အစည်း များပါ ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်လျှင် ကျောသား ရင်သား မခွဲခြားပဲ ထိရောက်စွာကိုင်တွယ် နှိမ်နင်နိုင်မှသာလျှင် အကျိုးရှိနိုင် မည်ဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောကြသည်။

ကွတ်ခိုင်မြို့နယ် မူးယစ်(အထူး) အဖွဲ့မှ ပြောကြားရာတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အ တွက် ဆောင် ရွက် လျှက် ရှိရာ တွင် ယခုလအတွင်း ဖမ်းဆီးရရှိမှုမှာ (၁၄) မှု ရှိသွားပြီဖြစ်ကြောင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ပေါ်မူ တည်၍ပစ္စည်းနည်းလျှင် ၁၆/(ဂ) ပစ္စည်းများလျှင် ၁၉/(ဃ) တို့ဖြင့် ဖမ်းဆီး အရေးယူမှု ပြုလုပ် လျှက်ရှိကြောင်း နယ်မြေအခြေ အနေပေါ် မူတည်၍ တာဝန်ထမ်းဆောင်ရာ တွင် မိမိတို့၏အသက်အန္တရယ်အတွက်ပါသတိထား၍ ဆောင်ရွက် နေရကြောင်းသတင်းရရှိသည့် နေရာများတွင်လည်း ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိနေကြောင်း ရဲအုပ်တစ်ဦးက ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here