Wednesday, October 17, 2012

တာချီလိတ်မြို့၌် ကျပ်သိန်း(၃၁၀) ဖောက်ထွင်းခိုးယူခံရမှုနဲ့ပတ်သက်ပြီး တရားခံများအား (၃)ရက်အတွင်း ဖမ်းဆီးရမိ

0 comments
အောက်တိုဘာ(၁၇)

၂၀၁၂ ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့ ညဦးပိုင်းက မကာဟိုခမ်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှာ ဖောက်ထွင်းခိုးယူခံရခြင်းနဲ့ပတ်သက်၍ ကျပ်သိန်း(၃၁၀) ပါသွားခဲ့ပြီး ဖောက်ထွင်းခိုးယူသွားသော တရားခံများအား (၃)ရက်အတွင်း  ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။

{ကျန်ရှိခဲ့သော ခြေရာများ}

အဆိုပါ ဖမ်းဆီးရမှုနဲ့ပတ်သက်ပြီး  တာချီလိတ်မြို့နယ်မှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး တို့ရဲ့ ကြီးကြပ်မှုဖြင့် တာချီလိတ်ခရိုင် ဒ/န ခေါင်းဆောင် ရဲအုပ် ၀င်းဇော်ထွန်း ဦးစီးသော တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ရဲစခန်မှူး ရဲအုပ် အောင်ဇင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ဦးစီးသော နယ်ထိန်းတပ်ဖွဲ့ဝင်များ နဲ့ အမှုစစ် ဒုရဲအုပ် ၀င်းလှိုင်တို့မှ ၎င်းတို့ရဲ့ အမာခံသတင်းပေးမှုများနဲ့ ဆက်သွယ်ရယူစုံစမ်းစေခဲ့ရာမှ  ယခုကဲ့သို့ တရားခံ(၃)ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

{ဖောက်ထွင်းဝင်ရောက်ရာ တံခါးပေါက်}

အောက်တိုဘာ(၁၆)ရက်နေ့ ည (၁၀း၁၀)နာရီခန့်က အခိုင်အမာသတင်းအရ ခရိုင် ဒ/နခေါင်းဆောင် ခေါင်းဆောင် ရဲအုပ် ၀င်းဇော်ထွန်း နှင့် ဒ/န အဖွဲ့ဝင်များ အပြင် နယ်ထိန်းတပ်ဖွဲ့ဝင်များနဲ့အတူ တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုရှိ ရောင်နီဦး တည်းခိုခန်းမှာ ဖောက်ထွင်းခိုးယူသူ တရားခံသုံးဦးအား ဖမ်းဆီးရမိခဲ့ကြပါတယ်။


ဆက်လက်ပြီး ဖမ်းဆီးရမိသော တရားခံများ၏ နေအိမ်များသို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာမှာ ဖောက်ထွင်းခိုးယူရရှိလာသည့် ငွေများမှ (၃)ဦးခွဲဝေရှိထားသော ငွေများ သိမ်းထားသည့်နေရာများအား ဖော်ထုတ်ပြသခဲ့ကြပြီး ၎င်းတို့ဖောက်ထွင်းခိုးယူထားသော ငွေများကို ပြန်လည်သိမ်းဆည်းခဲ့ကြပါတယ်။


ဖမ်းဆီးရမိသော ဖောက်ထွင်းခိုးယူသူ (၃)ဦး အနက် ကျန် (၂)ဦးမှာ ထောင်မှ ထွက်လာသူများဖြစ်တယ်လို့ သိရပါတယ်။ ဖောက်ထွင်းမှု မဖြစ်ပွားမိက (၃)ဦး အနက် (၂)ဦးမှာ ယခုကဲ့သို့ ဖောက်ထွင်းရန် အစီအစဉ်ရှိကြောင်း တိုင်ပင်နေကြသည်ကိုလည်း ရဲတပ်ဖွဲ့၏ အမာခံ သတင်းပေးများမှ ကြိုတင် သတင်းရထားသော်လည်း မည်သည့်နေရာ မည့်သည်နေ့ရက်မှာ လုပ်မည်ဆိုတာကို မသိရှိရသေး၍ စောင့်ကြည့်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပါတယ်။


၎င်းတို့(၃)ဦး ဖောက်ထွင်းခိုးယူရာမှာ နေအိမ်၏ ၀ရံတာမှ ကျော်ခွတက်ပြီး (၁)ဦးမှာ အပေါ်သို့ မတက်နိုင်တော့ပဲ တက်နေသည့်နေရာ တိုက်လယ်မှာ ရပ်နားနေပြီး ကျန်(၂)ဦးမှာ အထက်သို့ ဆက်၍ တက်သွားပြီး နေအိမ်၏ အပေါ်ဆုံးထပ် တံခါးပေါက်ထဲသို့ လက်နိုက်ဝင်လို့ရရန် အတွက် တံခါးအား အနည်းအငယ်ဖျက်ဆီးကာ အထဲသို့ ၀င်ရောက်စေခဲ့ပါတယ်။ ၎င်းတို့(၂)ဦးမှာအထဲသို့ရောက်ပြီးနောက် ငွေများထားသော နေရာသို့သွားရောက်ကြည့်ပြီး ငွေများရှိကြောင်း သယ်ရန်လွယ်ကူကြောင်း တိုက်၏အလယ်တွင် ရပ်နားနေသူအား အရင်ပြန်လိုလျှင် ပြန်စေလိုကြောင်း ပြောလိုက်ရာ ထိုလူမှာ ပြန်သွားခဲ့ပြီး ကျန်(၂)ဦးမှာ ဆက်လက်၍ ငွေများကို အိတ်များဖြင့် ထည့်ကာ သယ်ဆောင်၍ တိုက်အောက်သို့ ပြန်ဆင်းခဲ့ကြတယ်လို့ တရားခံများရဲ့ ထွက်ဆိုချက်အရ သိရှိရပါတယ်။

ယင်းကဲ့သို့ ဖောက်ထွင်းခိုးယူရာမှာ သဲလွန်စအဖြစ် ခြေရာများ ကျန်ရှိခဲ့ပြီး (၂)ဦးအနက် တစ်ဦး၏ ဖိနပ်မှာ ကျန်ရှိခဲ့ပါတယ်။

ဖောက်ထွင်းခိုးယူသူ(၃)ဦးအား ဖမ်းဆီးရရှိခြင်းမှာ ၎င်းတို့သည် ငွေများကို ပေါများစွာ အလျှံပယ်သုံးစွဲနေပြီး ရောင်နီးဦးတည်းခိုခန်းတွင် အမျိုးသမီးများကို ခေါ်အိပ်ကာ တစ်ဦးလျှင် မုန့်ဖိုးအဖြစ် ထိုင်းဘတ်ငွေ တစ်သောင်းတန်ဖိုးရှိသော မြန်မာကျပ်ငွေ (၂)သိန်းကျော်စီ ပေးတယ်လို့လည်း ဆိုပါတယ်။ ၎င်းတို့၏ နီးစပ်သူများ အမာခံသတင်းပေးသူများဖြင့် အဆိုပါ အမှုဖွင့်ချိန်မှ စပြီး (၃)ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြပါတယ်။

From. တာချီလိတ်သတင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here