Saturday, March 16, 2013

တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ကို ပြည်တွင်းပြည်ပတွင် ကြီးကျယ်ခန်းနားစွာ ကျင်းပဖို့ ပြင်ဆင်

0 comments
မတ်(၁၆)

၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆/၃/၂ဝ၁၃) တွင် ပြုလုပ်ကျင်းပမည့် “ပအိုဝ်းအမျိုးသားနေ့” အခမ်းအနားသည် ယခင်နှစ်များနှင့် မတူ တစ်မူထူးခြားသော ဂုဏ်ဝိသေသများဖြင့် ကြီးကျယ်ခန်းနားစွာ ကျင်းပကြမည်ဖြစ်ကြောင်း ပအိုဝ်းအင်တာနက်ကွန်ယက် စာမျက်နှာတွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ ဖိတ်စာများက ဖော်ပြထားပါသည်။


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်လည်း ပြီးခဲ့တဲ့ ၉ ရက် ၃ လ ၂၀၁၃ ခုနှစ်မှာ ပုံလောင်းရွာအနီး၊ ဒဲဉ်သီးဗွေကွင်းမှာ တပေါင်းပွဲတော် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးအားကစား ဖွင့်ပွဲအခန်းအနားတစ်ရပ်ကိုလည်း ကျေးရွာပေါင်းစုံမှ ဘောလုံးအသင်း (၂၃) သင်းက ယှဉ်ပြိုင်ရန် ကျင်းပဖွင့်လှစ်ခဲ့ကြောင်း ပုံလောင်းရွာ ခွန်ဘောဒိထွန်း မှ ပြောခဲ့ပါသည်။

နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့ ကျင်းပဖို့ ပြည်တွင်းကဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃) မြို့နယ်အတွင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့ စသည့် နေရာဒေသအသီးသီးမှာလည်း ကြီးကျယ်ခန်းနားစွာ ကျင်းပဖို့အတွက် အခန်းအနားပြင်ဆင်မှုနှင့် ဖိတ်စာများကို အားရကျေနပ်စွာ တွေ့မြင်ရပါသည်။

မဟာသက္ကရာဇ် (၂) ခု (ခရစ်သက္ကရာဇ်မပေါ်မီ ဘီစီ ၆၉၀) တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်ရှင် သက္ကရာဇာမင်းနှင့် မိဖုရား ဘဒ္ဒကလျာဒေ၀ီတို့မှ သားတော်တပါး ဖွားမြင်ခဲ့သည်။ ထိုသားတော်သည် တပေါင်းလပြည့်နေ့တွင် နေထွက် လ၀င်အချိန်၌ ဖွားမြင်သောကြောင့် သူရိယစန္ဒာ ဟု အမည်ပေးခဲ့သည်။ သူရိယစန္ဒာသည် သက်တော် ၂၄ နှစ်တွင် ဖခမည်းတော် ထီးနန်းအပ်ပြီး နန်းစံချိန် ၁၀ နှစ်တွင် ဖခမည်းတော် သက္ကရာဇာမင်းက နတ်ရွာစံလေသည်။

ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၁၁ ခု သီတင်းကျွတ်လတွင် သူရိယစန္ဒာမင်း အုပ်စိုးသည့် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ပထမအကြိမ် ကြွရောက်လာခဲ့သည်။ ထိုနှစ်အတွင်း သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်၌ ရွှေဇရံစေတီတော်ကို စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။

သူရိယစန္ဒာမင်းလက်ထက်မှစ၍ ပအိုဝ်းလူမျိုးတို့သည် နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ရွှေဇရံစေတီ ရှိရာသို့ သွားရောက်ပြီး ကောက်သစ်ပူဇော်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ငါးပါးသီလခံယူခြင်း စသည့်ပွဲတော်များကို နှစ်စဉ်ပြုလုပ်ကြသည်။

ထို့အတူပင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ဌာနေတိုင်းရင်းသားများအနက် ပအိုဝ်းတိုင်းရင်းသားများသည် သူရိယစန္ဒာဘုရင်မင်းမြတ် မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ်သတ်မတ်ပြီး တပေါင်းလပြည့်ရောက်တိုင်း ကမ္ဘာအရပ်ရပ်တွင် ရောက်နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားများ ပအိုဝ်းအမျိုးသားနေ့ အခန်းအနားပွဲတော်ကို ကျင်းပကြပါသည်။





Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here