Pages

Wednesday, August 22, 2012

အရစ်ကျဖြင့် ဝယ်နိုင်မည့် တန်ဖိုးနည်းအိမ်ရာများ မြန်မာနိုင်ငံအနှံ့ ဆောက်လုပ်မည်



From : ခေတ်လူငယ်
အစိုးရဝန်ထမ်းများ အားလုံးအတွက် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် စင်ကာပူ Local Housing ကဲ့သို့ တန်ဖိုးနည်း အိမ်ရာများကို မြန်မာတစ်နိုင်ငံလုံးတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ဆောက်လုပ်မည့် အစီအစဉ်ကို ယခုနှစ်အတွင်း စတင်သွားမည်ဖြစ်ပြီး ဦးစွာအနေဖြင့် ရန်ကုန်တွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။ “၁၅နှစ်၊ နှစ် ၂၀ စသည်ဖြင့် အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးသွားပါမယ်။ အဆင့်မြင့်တဲ့ တန်ဖိုးနည်း အိမ်ရာတွေ ဖြစ်မှာပါ။ အသေးစိတ်တွေကို အခုထိ ဆွေးနွေးနေတုန်းပဲ။ ဒီနှစ်အတွင်းမှာ အကောင်အထည် ဖော်ဖြစ်မှာပါ” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုအခါ ယင်းကဲ့သို့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ရန်ကုန်-ပဲခူးမြစ်ကမ်းတွင် ရတနာစီမံကိန်း အနေဖြင့် ဆောက်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ “အိုးအိမ်ကပဲ ဦးစီးပြီးဆောက်မလား၊ ဘယ်ကုမ္ပဏီကို တာဝန်ယူပြီး ဆောက်ခိုင်းမလဲဆိုတာတော့ မသိသေးဘူး။ ဆွေးနွေး တိုင်ပင်နေတုန်းပဲ။ အသေးစိတ် ပြောဖို့တော့ အချိန်နည်းနည်း စောင့်ရဦးမယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနသည် ရန်ကုန်တိုင်ဒေသကြီးတွင် အိမ်ရာစီမံကိန်းများစွာကို တည်ဆောက်ထားပြီး လက်ရှိအချိန်တွင်လည်း ကမ်းသာယာ ကမာကြည် အိမ်ရာစီမံကိန်း အပိုင်း(၃)ကို ဆောက်လုပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ “ဝန်ထမ်းအတွက်ပဲဖြစ်ဖြစ် သာမန်လူတန်းစား အတွက်ပဲဖြစ်ဖြစ် အိုးအိမ်အနေနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို တည်ဆောက်တဲ့အခါ တကယ်တန်ဖိုးနည်းပြီး ဝယ်ယူနိုင်တဲ့ အခြေအနေ ရှိနေဖို့လိုတယ်။ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ အဓိက အရေးကြီးတယ်။ ဒီလိုဖြစ်ပါစေလို့ ဆုတောင်းပါတယ်” ဟု သာကေတ(၉) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ref: Flower news

No comments:

Post a Comment