Pages

Monday, August 27, 2012

ရှမ်းဒုက္ခသည်များအား အဓမ္မရွှေ့ပြောင်းခြင်းမပြုရန် ရှမ်းလူထုအဖွဲ့တိုက်တွန်း

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် နယ်စပ်ဒေသမှာ ခိုလှုံနေတဲ့  ရှမ်းဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ရှမ်းပြည်နယ်ထဲ ရွှေ့ပြောင်းနေရာမချထားဖို့ ရှမ်းလူထုအဖွဲ့အစည်းတွေ ပူးတွဲပြီး တောင်းဆိုလိုက်ပါတယ်။
နော်ဝေ ဒုက္ခသည်ကောင်စီကနေ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ထောက်ပံ့မှုလုပ်ငန်း အစီအစဉ်အရ ထိုင်းဘက်ခြမ်းမှာ ဖွင့်ထားတဲ့ ကုန်းကျော် ရှမ်းဒုက္ခသည်စခန်းက လူဦးရေ ၅၀၀ ကို နယ်စပ်နဲ့ ၂၀ ကီလိုမီတာ အကွာက မြန်မာပြည်တွင်းကို ရွှေ့ပြောင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ချင်းမိုင်တက္ကသိုလ် အိုင်စီခန်းမတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- ဒီဗွီဘီ)
သူတို့ကို ပို့ဆောင်ထားရှိမယ့် စခန်းသစ်ဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပစ်အခတ်ရပ် သဘောတူပြီးနောက်ပိုင်း ဖွင့်ဖို့ လျာထားစီစဉ်ခဲ့တဲ့ စခန်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု အလျဉ်းမရှိတဲ့ အခြေအနေကို မရောက်သေးတာကြောင့် ဒုက္ခသည်တွေက မပြန်ချင်သေးဘဲ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က “ဒုက္ခသည်တွေကို ဒုက္ခတွေ ဆက်ပြီး ပေးဖို့မသင့်ဘူးဆိုတာရယ်၊ တခြား နိုင်ငံရေး၊ စီးပွားရေး အမြတ်အစွန်းတွေကြောင့် လူထုတွေ ဒုက္ခမရောက်စေချင်တာ တခုရယ်။ နောက် ကျနော်တို့နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားမျှတပြီးတော့ တန်းတူအခွင့်အရေးတွေ လူထုတွေက ပြည့်ပြည့်၀၀ ခံစားခွင့်ရဖို့အတွက်ရယ် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
နော်ဝေဒုက္ခသည်ကောင်စီအဖွဲ့ဝင်တချို့ဟာ ဇူလိုင်လက ကုန်းကျော် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေးနဲ့ လူဦးရေစာရင်းကို စစ်တမ်း ကောက်ယူခဲ့ပါတယ်။
အခုပြောင်းဖို့ စီစဉ်တဲ့နေရာမှာ တိုက်ပွဲဖြစ်ရင်  နယ်စပ်ကို ပြန်ပြေးဖို့လည်း မလွယ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် နေရာချထားတဲ့အခါ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး အာမခံချက်နဲ့ လုပ်ကိုင်စားသောက်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပြီးမှသာ ဆောင်ရွက်သင့်တယ်လို့ စိုင်းခေးဆိုင်က ပြောပါတယ်။
နော်ဝေဒုက္ခသည်ကော်မတီဟာ ပြည်တွင်းဒုက္ခသည်များ ကူညီထောက်ပံ့ရေး အစီအစဉ်ကို အစိုးရငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စမ်းသပ်တဲ့အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ဒီစမ်းသပ်မှုကြောင့် အခက်အခဲကြုံရမှာကို စိုးရိမ်နေကြတာပါ။
ကုန်းကျော်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၃၀ လောက်ရှိပြီး အများအားဖြင့် ရှမ်းပြည်နယ် အလယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေကြား လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်ကစပြီး တိမ်းရှောင်လာတာ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့တိမ်းရှောင်လာချိန်က ထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်း နောက်ထပ်ဖွင့်လှစ်ဖို့ မူဝါဒမရှိတော့တဲ့အတွက် တရားမ၀င်ဒုက္ခသည်တွေအနေနဲ့ နေနေရတာဖြစ်ပါတယ်။
ဒုက္ခသည်များ အတင်းပြန်မပို့ရေး ကြေညာချက်ကို  ထိုင်းနယ်စပ်အခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၊ ရှမ်းသဘာ၀၀န်းကျင်အဖွဲ့၊ ရှမ်းအမျိုးသမီးရေးရာ ကွန်ရက်အဖွဲ့နဲ့ ရှမ်းလူငယ်အဖွဲ့တွေ ပူးပေါင်း ထုတ်ပြန်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲတရပ်ကို ဒီနေ့ညနေပိုင်းက ချင်းမိုင်တက္ကသိုလ် အိုင်စီခန်းမမှာ ကျင်းပခဲ့ပါတယ်။
ref:DVB

No comments:

Post a Comment