Pages

Friday, August 24, 2012

မြန်မာတိုင်းမ်ဂျာနယ် နေ့စဉ်သတင်းစာထုတ်ရန် အသင့်ဖြစ်နေ

ရော့စ်ဒန်ကလေ
အစိုးရကခွင့်ပြုရင် နေ့စဉ်သတင်းစာ ၁ စောင် ချက်ချင်းထုတ်ဖို့ အသင့်ရှိနေတယ်လို့ မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ စာတည်းမှူးချုပ်  ရော့စ်ဒန်ကလေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီတပတ်ထုတ်ဝေတဲ့ မြန်မာတိုင်းမ်ဂျာနယ်မှာ စာပေစိစစ်ရေးစနစ် ပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး မစ္စတာဒန်ကလေက ဆောင်းပါးရေးသားရာမှာ သတင်းစာထုတ်ဖို့ အသင့်ရှိနေတယ်လို့ ရေးသားလိုက်တာပါ။
လက်တွေ့ ချက်ချင်းလုပ်ရမယ်ဆိုရင် အင်္ဂလိပ်ဘာသာနဲ့ နေ့စဉ်သတင်းစာကို ၁ လအတွင်း ဖြစ်မြောက်အောင် စီစဉ်နိုင်တဲ့အကြောင်းနဲ့ သတင်းစာထုတ်ဖို့ သူ့မှာ အတွေ့အကြုံ ဗဟုသုတအပြည့်ရှိပြီး အတွေ့အကြုံပြည့်ဝတဲ့သတင်းထောက်တွေ၊ အယ်ဒီတာတွေနဲ့ ပုံနှိပ်ရေးနဲ့ထုတ်လုပ်ရေး ကျွမ်းကျင်ပညာရှင်တွေ အသင့်ရှိတယ်လို့လည်း သူကရေးပါတယ်။
မြန်မာမီဒီယာလောကနဲ့ ပတ်သက်ပြီး သူက ကျွမ်းကျင်မှုရှိတဲ့ သတင်းထောက်၊ အယ်ဒီတာ၊ ဓာတ်ပုံဆရာ၊ ဒီဇိုင်နာ အများအပြား လိုအပ်နေပြီး အာဏာပိုင်တွေအနေနဲ့  ပြည်ပက ကျွမ်းကျင်သူတွေကိုလည်း လာရောက် လုပ်ကိုင်ခွင့်ပြုသင့်တယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က မြန်မာတိုင်မ်း ဂျာနယ်ပူးတွဲထုတ်ဝေသူ  ဦးမြတ်ဆွေ (ဆန်နီ)ရဲ့ အမှုနှင့် ပတ်သက်ပြီး သမ္မတထံ စာရေး အသနားခံတင်ပြခဲ့စဉ်က အင်္ဂလိပ်ဘာသာနဲ့ ထုတ် ဝေသော The Myanmar Times အပတ်စဉ် ဂျာနယ်ကို နေ့စဉ် သတင်းစာအဖြစ် အရင်ခွင့်ပြုပြီး နောက်မှ မြန်မာတိုင်း(မ်) (မြန်မာ)ကို ဆက်လက်ထုတ်ဝေခွင့်ပြုရန် တင်ပြခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာတိုင်မ်း ဂျာနယ်အနေနဲ့ နေ့စဉ်သတင်းစာထုတ်ဝေဖို့ သက်ဆိုင်ရာမှာ တရားဝင် ခွင့်ပြုချက် လျှောက်ထားခြင်း ရှိ မရှိနဲ့ ပတ်သက်ပြီး  မြန်မာတိုင်းမ်ဂျာနယ်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းမ်ဂျာနယ် စာတည်းမှူး ဦးဇော်မြင့်က အခုလို ပြောပါတယ်။
“ဒီအပတ်ထဲမှာ မန်နေဂျင်းဒါရိုက်တာလုပ်တဲ့ ရော့စ်ဒန်ကလေက ဆောင်းပါးတပုဒ်ရေးထားတယ်။ ဆောင်းပါးထဲမှာ အရင်တုန်းက ကိစ္စတခုနဲ့ ပတ်သက်ပြီး စာတစောင်တင်ထားတဲ့အထဲမှာ သတင်းစာလိုင်စင်ရမယ်ဆိုရင် ဘာတွေလုပ်မယ်ဆိုတာကို ပြန်ပြီးတော့ သူကဆောင်းပါးထဲမှာရေးပြထားတာ။ အဲ့အဓိပ္ပာယ်ကတော့ သမ္မတဆီကို သတင်းစာလျှောက်ဖို့ လိုင်စင်ရဖို့ လျှောက်လွှာတင်တာတော့ မဟုတ်ဘူး။ အဲတုန်းက အကြောင်းအရာ ကိစ္စတခုရှိတော့ သမ္မတဆီ စာရေးဖူးတယ်။ အဲစာမှာ မြန်မာတိုင်းမ်က လုပ်နေတာတွေ၊ ပြင်ဆင်နေတာတွေ ရေးထားတာပေါ့လေ။ တကယ်လို့သာ သတင်းစာ ရနိုင်မယ်ဆိုရင် ဘာတွေလုပ်နိုင်မယ်ဆိုတာကို ထည့်ရေးထားတာ။ ဒါကတော့ ကိုယ့်အနေနဲ့ပြောရရင် သတင်းစာလိုင်စင်ကျအောင် လျှောက်တာတော့ မဟုတ်ဘူး။ တရားဝင်လျှောက်ထားတာမဟုတ်ဘူး။ ကိုယ်သိသလောက်တော့ အခုအချိန်ထိ ဘယ်မှာမှ မတင်ရသေးဘူး။”
လက်ရှိ မြန်မာသတင်းမီဒီယာလောကမှာ ဆဲဗင်းဒေး၊ ၀ီးကလီး အလဲဗင်းနဲ့ ဂျာနယ်တချို့ကလည်း  နေ့စဉ်သတင်းစာ ထုတ်ဝေဖို့ အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုထားကြပါတယ်။
ref: DVB

No comments:

Post a Comment