Pages

Monday, August 27, 2012

PNLO နှင့် ရှမ်းပြည်နယ် အစိုးရ အပစ်အခတ် ရပ်စဲရေး သဘောတူ


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ရှမ်းပြည်နယ် အစိုးရတို့ ယမန် နေ့(သြဂုတ်လ ၂၅) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်။ 

ထိုင်းနိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် အလွတ်သဘော ၂ ကြိမ် တွေ့ဆုံပြီးနောက် PNLO အနေ နှင့် ပထမဆုံးအကြိမ် လက်မှတ် ရေးထိုးလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ဘက်က ငြိမ်းချမ်းရေး ဒုအဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ခွန်သူရိန်တို့ ၃ ဦးနဲ့ အစိုးရ ဘက်က ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ တို့ လက်မှတ်ထိုးကြတယ်။ ကျနော်တို့ကတော့ အသိ သက်သေတွေပါ”ဟု PNLO ငြိမ်းချမ်းရေး ကိုယ် စားလှယ် အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်း က ပြောသည်။

နိုင်ငံရေး ပဋိပက္ခကို နိုင်ငံရေး ဆွေးနွေးမှုဖြင့် အဖြေရှာနိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရခြင်း ဖြစ်ကြောင်း PNLO က ပြောသည်။ 

တွေ့ဆုံ ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီး ဟိုတယ်တွင် ပြုလုပ်ပြီး PNLO ဘက်မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခွန် မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး၊ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်သည့် ကိုယ်စား လှယ် များ တက်ရောက်ကြသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူချက်တွင် PNLO ၏ ဆက်ဆံရေးရုံးများကို ရှမ်းပြည်နယ် တောင်ကြီး၊ မောက်မယ်နှင့် ဆီဆိုင်မြို့များ တွင် ဖွင့် လှစ်ရန် သဘောတူခဲ့ကြသည်။

စက်တင်ဘာလတွင် ပြည်ထောင်စုအဆင့်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ပြီး၊ ယခုရရှိထားသည့် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်နိုင်ရေး၊ တပ်တည်နေရာ ညှိနှိုင်း ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ပူးပေါင်း ဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးမည်ဟုလည်း သူက ဆက်ပြောသည်။ 

ဦးခွန်မြင့်ထွန်း ဦးဆောင်သည့် PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လတွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် တောင် ကြီး မြို့သို့ ရောက်ရှိခဲ့သော်လည်း ဝန်ကြီး ဦးအောင်မင်း မအားလပ်သည့်အတွက် ဆွေးနွေးပွဲ အကောင်အထည် မပေါ်ခဲ့ကြောင်း PNLO က ပြော သည်။

PNLO ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်သည့် ပအိုဝ်း အမျိုးသား ညီလာခံမှ စတင် ဖွဲ့စည်းခဲ့ပြီး၊ လက်ရှိတွင် ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ် နယ်စပ်တွင် လှုပ်ရှားလျက် ရှိကာ လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် ရှိကြောင်း သိရသည်။
 
ref: New Collection

No comments:

Post a Comment