Pages

Monday, August 27, 2012

ဂြိုလ်တု ပြောင်းလဲပြီးသူများ Sky Net ရုပ်သံ ၁လ အခမဲ့ ကြည့်ရှုခွင့် ရမည်

Sky Net ရုပ်သံလိုင်းက ဂြိုလ်တု ပြောင်းလဲပြီး သူများအား စက်တင်ဘာလ တစ်လလုံး အခမဲ့ ကြည့်ရှုခွင့် ပေးသွားမည် ဖြစ်ကြောင်း Park Royal တွင် ယနေ့ကျင်းပသော SkyNet ရုပ်သံ စာနယ်ဇင်း ရှင်းလင်းပွဲ၌ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ SkyNet ရုပ်သံလိုင်းကို အခမဲ့ရရှိရန်အတွက် Thaicom မှ Apstart-7 ဂြိုလ်တုသို့ ပြောင်းလဲ ပြီးသူများသာ ရရှိမည် ဖြစ်ပြီး အဆိုပါ ဂြိုလ်တု ပြောင်းလဲရန်အတွက် LNB လဲခ ၃၀၀၀နှင့် တပ်ဆင်ခ ၅၀၀၀ ကျပ် ထပ်မံပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
“ဒီဂြိုလ်တု ပြောင်းလဲရာမှာ အသုံးပြုသူတွေ စိတ်အနှောက်ယှက် ဖြစ်ခဲ့တာတွေရော၊ ကုန်ကျခဲ့တာတွေရောအတွက် ကျွန်တော်တို့ဘက်က တစ်လ အခမဲ့ ပြုလုပ်ပေးတာပါ” ဟု အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယင်းသို့ တစ်လ အခမဲ့ ပေးရာတွင် ယခင်က ဝယ်ယူထားပြီး သက်တမ်း မတိုးထားသူများ အတွက်ပါ တစ်လ အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်ပြီး သက်တမ်း တိုးထားသူများအတွက်လည်း တစ်လပိုသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “၁၂ လစာ ငွေပေးသွင်းထားတဲ့ သူဆိုရင် ၁၃ လဖြစ်သွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
သို့သော် အချို့ သော LNB များသည် Universal LNB များဖြစ်သဖြင့် လဲလှယ်ရန် မလိုအပ်ကြောင်း၊ အဆိုပါ Universal LNB ကို Sky Net အနေဖြင့် ဂြိုလ်တု စတင်ပြောင်းလဲမည်ဟု ဆုံးဖြတ်ပြီးခါစ၌ ထည့်သွင်း ပေးခဲ့ကြောင်း သိရသည်။ ယင်းအပြင် Sky Net ရုပ်သံလိုင်းများကို Thaicom ဂြိုလ်တုတွင် ၄၆ လိုင်းသာ ပါရှိပြီး ယခု လက်ရှိ လိုင်း ၆၀ ထုတ်လွှင့် ပေးလျက်ရှိကြောင်း၊ စက်တင်ဘာလ ၁ရက် နေ့မှ စတင်ပြီး နာမည်ကြီး သီချင်းလိုင်းဖြစ်သော MTV China, MTV South East Asia, စီးပွားရေးနှင့် သက်ဆိုင်သည့် အကြောင်းများကို ထုတ်လွှင့်ပေးသော လိုင်းဖြစ်သည့် Bloomberg Channel လိုင်းနှင့် မန်ချက်စတာ ဘောလုံးအသင်း၏ အားကစားများကို ဘောလုံး ကစားပြီးသည်နှင့် ၂၄ နာရီအတွင်း Delay ပြသော MU TV အပါအဝင် အခြားလိုင်းများကို တိုးချဲ့  ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ Sky Net ရုပ်သံလိုင်းကို ၂၀၁၀ ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး လက်ရှိ အသုံးပြုနေသူ ဦးရေမှာ ၁သိန်းခွဲခန့် ရှိပြီ ဖြစ်ကြောင်း Sky Net ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ref: The Voice

No comments:

Post a Comment