ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့က ယခုလအတွင်း အဓမ္မတပ်သားသစ်များ စုဆောင်းလျက်ရှိကြောင်း သီပေါ မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
ပြည်နယ်အတွင်း မဲဆန္ဒနယ်အများအပြား အနိုင်ရထားသော ကျားဖြူပါတီ(SNDP)က အဓမ္မတပ်သားစုဆောင်းခြင်းများ မပြုလုပ်ရန် သက်ဆိုင် ရာ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်များကို ပြီးခဲ့သော မေလ ၂၄ရက်နေ့က တောင်ကြီးမြို့တွင် ခေါ်ယူဆွေးနွေး သတိပေးပြောကြားခဲ့ဖူးကြောင်း ကျားဖြူ ပါတီမှ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦစောသန်းမြင့်က ရှင်းပြသည်။
"ခေါင်းဆောင်ပိုင်းတွေနဲ့တော့ ညှိနှိုင်းထားပေမဲ့ အောက်ခြေကလုပ်တယ် ထင်ပါတယ်"ဟု ၎င်းက ဆိုသည်။
ပြည်သူ့စစ်တပ်သားအဖြစ် လိုက်ပါလိုခြင်းမရှိပါက ကျပ်သိန်းဆယ်ချီ၍ ရွေးယူကြရကြောင်း၊ ထိုကဲ့သို့ဖြစ်စဉ်များမှာ တည်ငြိမ်အေးချမ်းမှုမရှိ သော တိုင်းရင်းသားဒေသများတွင် ယခင်နှစ်ပေါင်းများစွာကပင် အရိုးစွဲနေပြီဖြစ်သော်လည်း ယခုလို ဒီမို ကရေစီ တည်ဆောက်မှုကာလအတွင်း လုံးဝ မဖြစ်ပွားသင့်ကြောင်း၊ ကျားဖြူပါတီအနေနှင့် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
တပ်သားအဖြစ်မလိုက်ပါလိုသဖြင့် ကျပ် ၂၅သိန်းပေးအပ်ခဲ့ရကြောင်း ဒေသခံတစ်ဦး၏အဆိုကို ကိုးကား၍ တိုင်းရင်းသားသတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။
"သူတို့က စစ်သားရရင်ရ မရရင် ရန်ပုံငွေရတဲ့အတွက် လုပ်ကြတာ"ဟု ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ဆို သည်။
ရှမ်းပြည်နယ်အတွင်း ဘိန်းရာသီရောက်လာသဖြင့် နယ်မြေလုမှုကိစ္စများအတွက် "ဝ" လက်နက်ကိုင်တပ်ဖွဲ့များနှင့် SSA တပ်ဖွဲ့များအကြား တင်းမာမှုများဖြစ်ပွားနေသောကြောင့် တပ်သားသစ်စုဆောင်းမူများ ဖြစ်ပွာလာရကြောင်း အဆိုပါ အရာရှိက ဆက်လက်ရှင်းပြသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ သီပေါမြို့အခြေစိုက် စပ်လှမြင့်ဦးဆောင်သော ပြည်သူ့စစ် အမှတ် (၂)တပ်ဖွဲ့က စုဆောင်းနေခြင်း ဟု ဆိုသည်။
၂၀၁၀ ခုနှစ် ဧပြီလတွင် SSA(မြောက်ပိုင်း) ဗိုလ်ချုပ်လွယ်မောင်း၊ ဒုဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကိုင်ဖုတို့ဦးဆောင်သော စိန်ဂျော့ဌာနချုပ် အမှတ် (၁) ပြည်သူ့စစ်တပ်ဖွဲ့၊ လွယ်ဟိန်းမြို့နယ် တပ်မဟာ ၇ ဦးအောင်ထွန်း၏ အမှတ် (၃) ပြည်သူ့စစ်တပ်ဖွဲ့နှင့် သီပေါမြို့အခြေစိုက် စပ်လှမြင့်ဦးဆောင်သော ပြည်သူ့စစ်အမှတ် (၂) တပ်ဖွဲ့တို့ကို စတင်ဖွဲ့စည်းခဲ့သည်။
No comments:
Post a Comment