Pages

Wednesday, September 19, 2012

အထည်ချုပ်လစာ ထပ်တိုးပေးနိုင်မည် မဟုတ်ဟုဆို

(ရန်ကုန်၊ စက်တင်ဘာ ၁၅)
အထည်ချုပ် လုပ်သားများ ထပ်မံ တိုးတောင်းသည့် လုပ်ခ လစာအပေါ် လုပ်ငန်းရှင်များ ပေးနိုင်မည် မဟုတ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင် အသင်းမှ ဦးမောင်မောင်အေး က ပြောသည်။
ယာယီ သတ်မှတ်ထားသော အခြေခံ လုပ်ခလစာ ကျပ် ၅၄၆ဝဝ တွင် အလုပ်သမား တစ်ယောက်၏ တစ်ရက် လုပ်အားခမှာကျပ် ၁ဝဝဝ ဖြစ်ရာ ယခုအခါ ယင်းလုပ် အားခ အား တစ်ရက်ကျပ် ၃ဝဝဝ နှုန်းဖြင့် ထပ်မံ တိုးတောင်းနေခြင်းဖြစ်သည်။
”တစ်နေ့ ၃ဝဝဝ ကို ညှိလို့ မရတော့ဘူးဆိုရင်ဒီ Industry ကြီး ပျက်ဖို့ ဦးတည်ဖို့ပဲ ရှိပါတယ်” ဟု ဦးမောင်မောင်အေး ကပြောသည်။
လက်ရှိ အထည်ချုပ်လုပ်ငန်း အနေဖြင့် ပြည်ပမှ အော်ဒါဝင်ရောက်မှု နည်းပါးနေခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း များကြောင့် လုပ်ငန်းရှင်များ အနေဖြင့် အလုပ်သမား များအား လုပ်ခလစာပေးရန်ပင် ရုန်းကန် နေရကြောင်း အလုပ်သမားများ တောင်းဆိုသည့် လုပ်အားခ တစ်ရက် ကျပ် ၃ဝဝဝ ကို ပေးနိုင်မည် မဟုတ်ကြောင်း ၄င်း ကရှင်းပြသည်။
အလုပ်သမားများ တောင်းဆို သည့် တစ်ရက် လုပ်ခလစာကျပ် ၃ဝဝဝ သည် စနစ်တကျ တွက်ချက်၍ တောင်းဆိုခြင်း သာ ဖြစ်ကြောင်း ကို လှိုင်သာယာ မြို့နယ်နေ ရှေ့နေ ဦးဌေးက ”လှိုင်သာယာမှာ အလုပ်သမားတွေ ထမင်းတစ်နပ် ဝယ်စားရင် ၅ဝဝ ရှိပါတယ်။ တစ်ရက် ဆိုရင် ထမင်းဖိုး ၁ဝဝဝ အဆောင် ခ တွေ၊ ရေဖိုးတွေ က ကျန်သေးတယ်။ ဒါ သင့်တင့်တဲ့ နှုန်းကိုတောင်း တာပါ”ဟု အလုပ်သမားများ ကိုယ်စား ၄င်းက ပြောသည်။
လက်ရှိ အထည်ချုပ် လုပ်သားများ ရရှိနေသည့် လုပ်ခလစာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လုပ်သားများ နှင့် နှိုင်းယှဉ်ပါက ပို၍ပင် ရရှိနေသေး ကြောင်း ဦးမောင်မောင်အေး က ပြောသည်။
ဧပရယ်ဦး
ref: Popular

No comments:

Post a Comment