Pages

Wednesday, September 19, 2012

စာမဖတ်သူ ပပျောက်ရေး ရပ်နားစာကြည့်တိုက်များ ပြန်လည်အသက်သွင်း

ရန်ကုန်၊ စက်တင်ဘာ ၁ဝ
စာမဖတ်သူများ ပပျောက်စေရန် အတွက် စာကြည့်တိုက်သစ်များ ဖွင့်ခြင်းနှင့် ရပ်နားထားသော စာကြည့်တိုက်များ ပြန်လည် အသက်သွင်းခြင်း လုပ်ငန်းများကို ဆက် တိုက်ဆောင်ရွက်နေကြောင်း စာမဖတ်သူ ပပျောက်ရေး လှုပ်ရှားသူများထံမှ သိရသည်။  မြန်မာနိုင်ငံတွင် တော်လှန်ရေး ကောင်စီခေတ်က စာမတတ်သူ ပပျောက် ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ ကြသဖြင့် လူတော်တော်များများ စာတတ်သွားကြသော်လည်း အကြောင်း အမျိုးမျိုးကြောင့် စာမဖတ်ဖြစ် ကြကြောင်း၊   မြန်မာ နိုင်ငံသူ နိုင်ငံသား အများစုသည် စာတတ်သော်လည်း စာမဖတ်သူ များသောကြောင့် တိုင်းပြည်တွင် ပညာ၏ အခန်းကဏ္ဍသည် နိမ့်ကျ သွားသည့် သဘော ရှိကြောင်း စာမဖတ်သူ ပပျောက်ရေးလှုပ်ရှား သူများမှ စာရေးဆရာ ထက်ကျော် က ပြောသည်။ ”ကျွန်တော်တို့ ရှေ့မျိုးဆက်တွေက ပညာရေးမှာ လက်မ,ထောင် နိုင်ခဲ့တဲ့ အနေအထားရှိခဲ့ပေမယ့် ဒီဘက်ခေတ်ကျတော့ တော်တော် နိမ့်ကျတဲ့ အနေအထား အထိရောက် သွားတယ်။ ဒါဟာ စာတတ်ပေမယ့် စာမဖတ်တာက မြစ်ဖျားခံတယ်လို့ ယူဆမိပါတယ်” ဟု စာရေးဆရာ ထက်ကျော်က ပြောသည်။
ထို့ကြောင့်ပင် ကျွန်တော်တို့ နိုင်ငံ၏ ရှေ့ဆက်ရမည့်လမ်းခရီးတွင် တွေးခေါ်မြော်မြင်တတ်သော ဦးနှောက် ဥာဏ်ပညာကို ပိုင်ဆိုင် ကြသူများ လိုအပ်ကြောင်း၊ ထိုသို့ ဖြစ်လာရန်အတွက် စာမဖတ်သူ ပပျောက်ရေး လှုပ်ရှားမှုများကို စိတ်တူ ကိုယ်တူ၊ ခံယူချက်တူသူ များ စုပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြော သည်။ စာမဖတ်သူ ပပျောက်ရေး လှုပ်ရှားသူများ အနေဖြင့် မုံရွာ၊ သရက်၊ အောင်လံ၊ ဇလွန်၊ ဟင်္သာတ စသဖြင့် မြို့နယ်များ အတွင်းရှိ ကျေးရွာများတွင် စာကြည့်တိုက် သစ်များ ဖွင့်လှစ်ပေး ခြင်း၊ ဟောပြောပွဲများ ပြုလုပ်ပေး ခြင်း၊ စာဖတ်ရှိန် မြှင့်တင်ရေး ပြိုင် ပွဲများ ပြုလုပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေး ခဲ့သည့် အပြင် အကြောင်း အမျိုး မျိုးကြောင့် ရပ်နေ သော စာကြည့်တိုက်များဖြစ်သည့် သရက်မြို့တွင် ဗိုလ်ချုပ်အောင် ဆန်းဖွင့်လှစ်ခဲ့သောစာကြည့်တိုက် နှင့် ဘုတလင်မြို့တွင် ဆရာကြီး သိန်းဖေမြင့်၊ ရုပ်ရှင်မင်းသားကြီး ထွန်းဝေတို့က ၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ဖွင့်လှစ်ခဲ့ သော စာကြည့်တိုက်များ ကိုလည်း အသက်သွင်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းစာကြည့်တိုက် များအတွက်လည်း တစ်နှစ် တစ်ကြိမ် စာအုပ်များလှူဒါန်း ပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းများကို လည်း ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
PN-044  
ref: PNews

No comments:

Post a Comment