Pages

Tuesday, September 18, 2012

ရှမ်းတိုင်းရင်းသားများ ဒီိမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရအဖွဲ့နှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များစာရင်းတွင် ဦးခွန်ထွန်းဦးအား အမည်စာရင်းထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''လောလောဆယ်မှာတော့ ၀ါရှင်တန်အခြေစိုက် National Endowment for Democracy (NED) က ပေးတဲ့ဆုလက်ခံဖို့ အမေရိကန်နိုင်ငံကို ရောက်နေပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့ ဆက်သွယ်ပြီး ညီလာခံကို တက်ရောက်ပါမယ်။ ဒီကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဖို့ကို နိုင်ငံတော်သမ္မတရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့က ကမ်းလှမ်းခဲ့တာပါ။ ကမ်းလှမ်းချက်ကို လက်ခံလိုက်တော့ သံတမန် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ကူညီပေးခဲ့ပါတယ်'' ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလိတ်က ပြောကြားခဲ့သည်။

''နိုင်ငံတော်သမ္မတရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ တစ်ထောင့်၊ တစ်နေရာကနေ ပါဝင်ချင်လို့ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက ဒီကိစ္စဟာလည်း အရမ်းအရေးကြီး တယ်ထင်လို့ သူ့အနေနဲ့ ပါဝင်ခဲ့တာပါ'' ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတသည် အဆိုပါညီလာခံသို့ တက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံခရီးစဉ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွယ်ရှိကြောင်းသိရပြီး အဆိုပါ ခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment