Pages

Tuesday, October 16, 2012

ပလောင်ဒေသအား ထပ်မံထိုးစစ်ဆင်ရန် စကခမှူး ကိုယ်တိုင်ကွင်းဆင်းပြင်ဆင်

အောက်တိုဘာ(၁၆)



သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အား ထပ်မံ တိုက်ခိုက်ရန် စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ် (စကခ)မှူး ကိုယ်တိုင် ကွင်းဆင်း ကွပ်ကဲနေသည်ဟု စုံစမ်း သိရှိရပါသည်။

“တိုက်ပွဲ ငြိမ်နေတာတော့ ၄ ရက်တော့ရှိနေပြီ။ ဒါပေမဲ့ (ကျောက်မဲ အခြေစိုက်) စကခ ၁ က ဗိုလ်မှူးကြီး အောင်ဇော်ဦး ကိုယ် တိုင် နမ့်ဆန်မှာရှိတဲ့ တပ် စခန်းကို လာပြီးကြီးကြပ် ကွပ်ကဲတယ်။ စစ်ဆင်ရေး ထပ်လုပ်ဖို့ စီစဉ်နေတယ်။ အစိုးရတပ် အင်အား လျော့သွားတာ လဲမရှိဘူး။ ပုံမှန်ပါပဲ” ဟု တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ပြောခွင့်ရ မိုင်ဖုန်းကျော်က ပြောပြသည်။

အစိုးရတပ်များသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် နမ့်ဆန် နှင့် မန့်တုံမြို့နယ်အတွင်း တပ်ရင်း ၁၀ ရင်း ကျော်ရှိကြောင်း၊ မိုးဦးကတည်းကလည်း နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်သို့ တပ်ရင်းအများအပြား ပို့ဆောင်ထား ကြောင်း ပြောပါသည်။

“ဒီလ ၄ ရက်နေ့က ကျနော်တို့ တပ်ချထားတဲ့ (ပန်စလွပ်တပ်စခန်း) တောင်ကုန်းတခုကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်လို့ ဆုတ်ပေးလိုက်တာတော့ရှိတယ်၊ ကျနော်တို့ ဆုတ်ရင်း ပစ်ရင်းနဲ့ အစိုးရဘက်က ဗိုလ်ကြီး ၁ ယောက် တပ်သား ၆ ယောက်ကျတယ်၊ ဒုတပ်ရင်းမှူး ၁ ယောက်လဲဒဏ်ရာ
အပြင်းအထန် ရသွားတယ်” ဟု TNLA ပြောခွင့်ရ မိုင်ဖုန်းကျော်က ပြောပြသည်။

မန်တုံမြို့နယ်အတွင်း၌ အစိုးရတပ်နှင့် တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် စစ်ဘေးသင့်ဒုက္ခသည် ၃၀၀ ကျော် အတွက် ခရိယာန်ကုန်း နှင့် မန့်စပ်ရွာတို့၌ ဒုက္ခသည်စခန်းများ ဖွင့်လှစ် ပေးထားကြောင်း၊ ရွှေလီမြစ်ဝှမ်း နမ့်ခမ်းမြို့နယ် ဒုက္ခသည်စခန်း၌လည်း သွားရောက် ခိုလုံကြောင်း တအာင်းအမျိုးသားပါတီ TNP မှ မိုင်အုန်းခိုင်က ဆက်ပြောပါသည်။

“ပလောင် စစ်ဘေးဒုက္ခသည်တွေအတွက် Unicef က ဆန် ထောက်ပံ့ ပေးတာတွေတော့ရှိတယ်။ မလောက်ဘူး။ TNP ပါတီ ကနေ ဒေသခံတွေဆီက အလှူခံပြီး သူတို့ကိုထောက်ပံ့ ကျွေးမွေးနေရတယ်၊ကလေးတွေလဲ စာမသင်ရတော့ဘူးဒီနှစ်။ ဒုက္ခသည် စခန်းထဲတော့ ကလေး နဲ့  သက်ကြီးရွယ်အို အများဆုံးဘဲ။ လူလတ်ပိုင်း တွေကတော့ တရုတ်နိုင်ငံဘက် အလုပ်သွား လုပ်ကြနေရတယ်၊ ၀မ်းရေးလဲ မလောက်တော့ဘူး” ဟု ၄င်းက ပြောသည်။

အစိုးရဘက်က ထပ်ပြီးစစ်ဆင်ရေး ပြုလုပ်လာပါက TNLA ဘက်က လည်း ခုခံတိုက်ခိုက်ရန် စစ်ရေး အသင့်ပြင်ဆင်ထားပြီးဖြစ် သည်ဟု မိုင်ဖုန်းကျော်က ပြောပြ သည်။
 
PALAUNG NATIONAL

No comments:

Post a Comment