နိုဝင်ဘာ(၂၇)
၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၀၃၀အချိန် ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ကမ်းနား လမ်းရှိ ““အောင်””အမိန့်ရ အပေါင်ဆိုင်သို့ ယာဉ်အမှတ်လ/xxxx တိုယိုတာမတ်တူး အဖြူရောင်ယာဉ်သည် ဆိုင်ရှေ့ထိုးရပ်လာပြီး လူတစ်ဦးဆင်းလာကာ ဆိုင်ပိုင်ရှင် ဦးတင့်ဆွေ (၆၄)နှစ်အား ““ဗိုလ်မှူးက ရွှေပေါင်ချင်လို့””ဟု ပြောဆိုခဲ့သည်။
ထို့နောက် ယာဉ်ပေါ်မှ ဗိုလ်မှူး ၀တ်စုံဖြင့် လူတစ်ဦးဆင်းလာပြီး ““တပ်ပြောင်းရွှေ့ ရမည်ဖြစ်သဖြင့် ငွေလိုကြောင်း၊ ရွှေဟန်းချိန်း ၁ ကုံးအား ငွေကျပ် ၁၈ သိန်းဖြင့် ပေါင်လိုကြောင်း”” ပြောသဖြင့် ဦးတင့်ဆွေက ရွှေထည်အားယူကြည့်ကာ မှတ်ကျောက်တင်စစ်ဆေးခြင်းမပြုဘဲ ဘောင်ချာဖြတ်၍ ငွေကျပ် ၁၈ သိန်းအား ပေးခဲ့သည်။
ငွေရလျှင် ကားအား အမြန်မောင်းနှင်ထွက်သွားသဖြင့် ကားနံပါတ်အား မှတ်သားထားပြီး ရွှေထည်အား စစ်ဆေးရာ အတု ဖြစ်နေကြောင်း သိရှိရ၍ မအူပင်ရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့သည်။
ဖုန်းသတင်းရလျှင်ရခြင်း ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေရာ ၁၁၀၀ အချိန်တွင် ၎င်းကားနှင့် လူများအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ နယ်ခြားစောင့်တပ်မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးတစ်ဦးဖြစ်ကြောင်း ပြောဆိုသဖြင့် သက်ဆိုင်ရာတပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတပ်မှ မဟုတ်ကြောင်း၊
၎င်းအမည်ဖြင့်မရှိကြောင်း သိရှိရပြီး လိမ်လည်ရာ၌ အသုံးပြုခဲ့သည့် ဗိုလ်မှူးဝတ်စုံအပြည့်အစုံ၊ ကော်စေ့ဖြင့် ပစ်ရသည့် ပစ္စတိုအနက်ရောက် သေနတ်အတု ၁လက်၊ လိမ်လည်သွားသည့် ငွေကျပ် ၁၈ သိန်းနှင့် ယာဉ်တို့အား သိမ်းဆည်းရမိခဲ့သည်။
သို့ဖြစ်၍ ဗိုလ်မှူးအယောင်ဆောင်ပြီး လိမ်လည်သူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေသူများ ဖြစ်သည့် မြင့်နိုင်ဦး(ခ) သိန်းနိုင်(၄၂)နှစ်၊ ကျော်လွင်ဦး(၃၈)နှစ်၊ ကြူဇင်(၅၁)နှစ်နှင့် ခင်မောင်တင်(၅၂)နှစ်တို့ ၄ ဦး အား ၁၃၄၅ အချိန် မအူပင်ရဲစခန်း(ပ)၁၇၂/၂၀၁၂ ပြစ်မှုပုဒ်မ ၁၄၀/ ၁၇၀/ ၄၂၀/၃၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
မြ၀တီသတင်းဌာန
No comments:
Post a Comment