Pages

Wednesday, November 7, 2012

အကျင့်ပျက် တရားရေးဝန်ထမ်း ၇ ဦးကို မန္တလေးတရားလွှတ်တော် ထုတ်ပယ်

မြို့နယ်တရားသူကြီး နှစ်ဦး အပါအဝင် တရားရေးဝန်ထမ်း ခုနစ်ဦး ထုတ်ပယ်ခြင်းနှင့် ခရိုင် တရားသူကြီး တစ်ဦးအပါအဝင် တရားရေး ဝန်ထမ်းခုနစ်ဦးတို့အား စာဖြင့်ပြင်း ထန်စွာ သတိပေးခြင်းတို့ကို မန္တလေး
တိုင်းဒေသကြီး တရားလွှတ်တော်က ပြုလုပ်ခဲ့ကြောင်း သိရသည်။''ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာဘူး။ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်တယ်။ ဒါကြောင့်ပါ'' ဟု ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။

ယခုကဲ့သို့ အရေးယူခြင်း၊ ထုတ်ပယ်ခြင်းနှင့် ပြင်းထန်စွာ သတိပေး မှုပြုလုပ် ခဲ့ခြင်းမှာ ၂ဝ၁၁ ခုနှစ်မတ်လ ၃ဝ ရက်နေ့မှ ၂ဝ၁၂ ခုနှစ်  အောက်တိုဘာလ ၃၁ရက်နေ့ အထိ စာရင်းများအရဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်မှ သိရသည်။

ထုတ်ပယ်ခဲ့မှုတွင် မြို့နယ် တရားသူကြီးနှစ်ဦး၊ ဒုတိယမြို့နယ် တရား သူကြီး နှစ်ဦး၊ ဒုတိယ ဦးစီးမှူးအဆင့်လေးတစ်ဦး၊ အကြီးတန်းစာရေး တစ်ဦးနှင့် အငယ်တန်း စာရေးတစ်ဦးတို့ဖြစ်ပြီး စာဖြင့်ပြင်းထန်စွာ သတိပေးမှုတွင် ခရိုင်တရားသူကြီးတစ်ဦး၊ ဒုခရိုင်တရားသူကြီး တစ်ဦး၊  မြို့နယ်တရားသူကြီးတစ်ဦး၊ ဒုတိယမြို့နယ် တရားသူကြီးနှစ်ဦး၊  အကြီးတန်းစာရေးတစ်ဦးနှင့် အငယ်တန်း စာရေးတစ်ဦးတို့ ဖြစ်သည် ဟု ဦးရဲအောင်မြင့်က ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တရားခွင်တိုင်းတွင် မန္တလေး တိုင်းဒေသကြီးတရား လွှတ်တော်က ထုတ်ပြန်ထားသည့် စာများကပ်ထား ကာ  တရားစီရင်ရေးအပေါ် ပွင့်လင်းထင် သာစွာ ဆောင်ရွက်ထားသည်ဟု လည်း ဥပဒေချုပ်က ဆက်လက်ပြောသည်။

''ကြေညာထားတာက အမှုတွဲတွေကို မှန်မှန်ကန်ကန်ဆုံးဖြတ် ပေးမယ်။ တရားရုံးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက် သွားမှာ ဖြစ်တဲ့အ တွက် လာဘ်ငွေပေးဖို့ မလိုပါဘူးဆိုတာပါ။ ဒါတွေအပြင် တိုင်လို့ရတဲ့ ဖုန်းနံပါတ်တွေလည်း ကပ်ထားပါတယ်''ဟု ၄င်းက ထပ်လောင်း ဆိုသည်။

သို့သော် လက်ရှိတွင်မန္တလေး တရားစီရင်ရေးစနစ် ယိမ်းယိုင်ပြိုလဲနေပြီ ဟူသော သတင်းများက ထွက် ပေါ်နေခဲ့သည်။ ထိုစွပ်စွဲချက်များအပေါ်  မမှန်ကန်ပါကြောင်း မန္တလေးတရားလွှတ်တော်က ပြောပြီး စစ်ဆေး စီရင်မှုကို အချိန်မရွေး လာလေ့လာ၍ ရပါကြောင်း ဦးရဲအောင်မြင့် က ပြောသည်။

ဥပဒေနှင့်အညီ မှန်ကန်စွာ မလုပ်ခြင်း၊ မတရားပြုကျင့်ခြင်းတို့ကို တိုင်စာ အရသော်လည်းကောင်း၊ တရားသူကြီးချုပ် ကိုယ်တိုင်က သော် လည်းကောင်း ဝန်ကြီး ဌာနရုံးတို့ က ပေးပို့လာသော စာများကမှ တစ်ဆင့် သော်လည်းကောင်း စုံစမ်းစစ်ဆေး တွေ့ရှိသည့်အခါ စည်းမျဉ်း၊ စည်းကမ်းအရ ထိရောက်စွာ အရေးယူလျက်ရှိသည်ဟု မန္တလေးတိုင်းဒေသ ကြီး တရား လွှတ်တော်ရုံးထံမှ သိရသည်။

မင်းသုအောင်

From- Popular News

No comments:

Post a Comment