Pages

Thursday, December 13, 2012

ကျိုင်းတုံမြို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ

ဒီဇင်ဘာ(၁၃)
ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်လာကြသောဧည့်သည်များ
 


ရှမ်းနှစ် (၂၁၀၇) ခု ရှမ်းမျိုးနွယ်စု နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ပြည်နယ် အားကစားကွင်းတွင် ဒီဇင်ဘာလ (၁၂) ရက်နေ့ မနက်ပိုင်းတွင်စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးနဲ့ ဇနီး အပါအ၀င် ဦးစီး အရာရှိကြီးများ၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာ ၀န်ကြီးများနဲ့ ကျိုင်းတုံခရိုင်/ မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးစိုင်းသောင်းစိန်၊ စိန်ကြော့ ပြည်သူ့စစ် (ဌာနေ) အဖွဲ့၊ NDAA (မိုင်းလား) အဖွဲ့ ၊ SSA (ယွက်စစ်) အဖွဲ့၊ ပြည်ခိုင်ဖြိုး ၊ NLD ၊ SNDP ၊ SNLD ၊ စတဲ့ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီးတော့ ဒေသခံပြည်သူလူထုအပါအ၀င် စုစုပေါင်း လူ (၁၀၀၀၀) ခန့် တက်ရောက်ခဲ့ပါတယ်။

                    တက်ရောက်လာကြသူများမှ နှစ်သစ်ကူး ကြိုဆိုနှုတ်ခွန်းဆက်စကားပောကြားပုံ
 
ဖွင့်ပွဲမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ရှမ်းပြည်နယ်အလံနှင့်ကျဆုံးလေပြီးသော
 ခေါင်းဆောင် ကြီး များအား အလေးပြုခြင်းကို ဆောင်ရွက်ခဲ့ပြီးတော့ တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး ၊ ပွဲတော် ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးစိုင်းရွက် ၊ ဗဟိုရှမ်း စာပေနှင့် ယဉ်ကျေးမှုအသင်းနာယက ဦးစိုင်းအောင်ထွန်း တို့မှ နှစ်သစ်ကူး ကြိုဆိုနှုတ်ခွန်း ဆက် စကားများပြောကြားခဲ့ပါတယ်။  ဆက်လက်ပြီးတော့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်နဲ့ ရှမ်းတိုင်းရင်းသားများ ကိုယ်စားပြု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန် ထွန်းဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တြိဂံဒေသတိုင်း တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးမှ ရှမ်းနှစ်သစ်ကူး ပွဲတော်ကို အလှူငွေ (၁၀) သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ (၁၂) ရက်မှာ ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ကျိုင်းတုံမြို့တွင်သာမက ပင်လုံမြို့ ၊ မိုးနဲမြို့၊ တောင်ကြီးမြို့နဲ့ အခြားမြို့တွေမှာလည်း စည်းကားစွာ ကျင်းပခဲ့ကြပြီး ဒီဇင်ဘာ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့ အထိကျင်းပသွားမယ်လို့ သိရပါတယ်။


 

No comments:

Post a Comment