Pages

Friday, December 21, 2012

လားရှိုးသိန်းအောင်ကလွှတ်တော်အမတ်များအတွက် နေပြည်တော်တွင် ဖျော်ဖြေပေးလိုဟု ပြောကြား

ဒီဇင်ဘာ(၂၁)
မြန်မာနိုင်ငံသို့ နှစ်လေးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လာသော စတူဒီယိုခေတ်ဦးအဆိုတော် လားရှိုးသိန်းအောင်က နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ရှိုးပွဲပြုလုပ်၍ သီဆိုဖျော်ဖြေပေးလိုကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဒီဇင်ဘာ ၂၀ ရက်(ယနေ့) နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် တိုင်ပေမှတစ်ဆင့် ရန်ကုန်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်ရောက်လာသော ဦးလားရှိုးသိန်းအောင်သည် လားရှိုးမြို့ရှိ မိခင်ဆီသို့ အရင်ဆုံးသွားရောက်ကာ ခရစ်စမတ်ကာလထိ နေထိုင်ပြီးမှ ရှိုးပွဲများ သီဆိုသွားမည်ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးမြို့များတွင် ရှိုးပွဲတစ်ပွဲစီ ပြုလုပ်လိုကြောင်း ဦးလားရှိုးသိန်းအောင်က ပြောသည်။ ထို့အပြင် နေပြည်တော်ရှိ လွှတ်တော်အမတ်များနှင့် ၎င်းတို့၏ မိသားစုများကိုလည်း သီဆိုပေးလိုကြောင်း ၎င်းက ပြောသည်။

"ကျွန်တော့အစီအစဉ်မှာ ကိုဇော်ဝင်းထွဋ်ကို မေတ္တာရပ်ခံထားပါတယ်။ နေပြည်တော်မှာ တစ်ပွဲဆိုပါရစေလို့။ အဲဒီမှာ လွှတ်တော်အမတ်တွေရဲ့ မိသားစုတွေအတွက် တိုင်းပြည်အတွက်လုပ်နေတဲ့သူတွေအားလုံး၊ လူကြီးတွေ အားလုံးကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သီချင်းသွားဆိုပေးချင်တယ်။ အဲ့ဒါ ကိုဇော်ဝင်းထွဋ်ကို အပူကပ်နေတယ်။ ကူညီပေးပါ့မယ်တဲ့" ဟု ဦးလားရှိုးသိန်းအောင်က ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ထုတ်ပြန်သော Black List စာရင်းတွင် ပါဝင်ခဲ့သည့် ၎င်း၏ အမည်ကို ပြန်လည်ဖျက်သိမ်းပေးခဲ့သည့်အတွက် နေပြည်တော်တွင် သီဆိုလိုခြင်းဖြစ်ကြောင်း ပြောသည်။

၂၀၁၃ မတ်လကုန်ထိ နေထိုင်ရန် စီစဉ်ထားပြီး ဧပြီ ၁၇ ရက်သည် သူ၏ မွေးနေ့ဖြစ်သလို သင်္ကြန်ကာလဖြစ်သည့်အတွက် ထိုအချိန်ထိ နေနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)
 
7 Day News

No comments:

Post a Comment