Pages

Wednesday, December 5, 2012

ဝေဆာကုမ္ပဏီ၏ဘေးထွက်ဆိုးကျိုးများကြောင့် ဒေသခံများကျန်းမာရေးချို့တဲ့လျက်ရှိ

ဒီဇင်ဘာ(၅)



ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ကောင်းဟုန်းရပ်ကွက်၊ နမ့်လျှံကွင်း အမှတ်(၃)အတွင်းရှိ ဦးရှောက်ချင်း(ဝေဆာကုမ္ပဏီ)ပိုင်ဆိုင်သော အရည်အသွေးမြင့် ရာဘာကုန်ကြမ်း စက်ရုံမှ ယန္တရားအသံများ၊ အနံ့ဆိုးများ၊ ရေဆိုးများထွက်ရှိခြင်းတို့ကြောင့် ရပ်ကွက်နေပြည်သူများ အသက်ရှူမ၀ခြင်းနှင့် ကျန်းမာရေးထိခိုက်မှုများရှိနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ ရော်ဘာစက်ရုံကထွက်တဲ့ အနံ့ကအရမ်းဆိုးတော့ တရားထိုင်ရတာ အာရုံစုစည်းလို့ကိုမရဘူး “ ဟု ယင်း စက်ရုံနှင့် ကိုက်(၁၅၀)ခန့်ကွာဝေးသော မဟာစည်သာသနာ့ရိပ်သာ ကမဋ္ဌာန်းကျောင်း တိုက် မှ ယောဂီ များ ကပြောကြားသည်။

“ ဒီနမ့်လျှံချောင်းကို ရှေးပဝေသဏီတည်းက ရွာသူ၊ ရွာသားတွေ အဓိကထားပြီးသုံးကြရတယ်၊ ဒီလိုအသုံးပြုနေ ရတဲ့ ချောင်းထဲကို ရော်ဘာစက်ရုံမှ အရည်ဆိုးတွေစွန့်ပစ်တော့ ရွာသားတွေအတွက် ကျန်းမာရေးများစွာ ထိခိုက်နိုင်ပါတယ်၊ ဒီအကြောင်းကို အုပ်ချုပ်ရေးမှူးရုံးတွေကို တင်ပြတော့ အုပ်ချုပ်ရေး မှူးရုံးတွေက စက်ရုံကို တရားဝင်လည်ပတ် ခွင့်ပြုမိန့်ရမှ လည်ပတ်ပါလို့ အမိန့်စာအကြိမ်ကြိမ် ထုတ်တယ် ဗျ။ ဒါပေမယ့်လည်း ပိုင်ရှင် တရုတ်လောပန်းက ဂရုမစိုက်ဘူး၊ စက်ရုံကိုလည်မြဲအတိုင်းလည်နေတော့ ကျွန်တော်တို့ရွာသားတွေအနေနဲ့ ဘယ်သူ့ကိုအကူအညီတောင်းရမှန်းမသိဘူးဖြစ်နေတယ်။ ’’ ဟု ဒေသ ခံ များ မှပြောသည်။

ယင်း ဦးရှောက်ချင်း(ဝေဆာကုမ္ပဏီ)ပိုင်ဆိုင်သော အရည်အသွေးမြင့်ရော်ဘာစက်ရုံသည် တရားဝင် ခွင့်ပြုမိန့် မရရှိသေးခြင်း၊ ရပ်ကွက်နေပြည်သူများမှ စက်ရုံလည်ပတ်နေခြင်းကို ကန့်ကွက်ခြင်းတို့ကြောင့် တာဝန်ရှိသူများမှ အကြိမ်ကြိမ် ကွင်းဆင်းစစ်ဆေးကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဟိုပန်မြို့မှ ၁၁-၁၀-၂၀၁၁ ရက်စွဲ ၊ အမိန့် (၅/၂၀၁၁)ဖြင့် ရော်ဘာစက်ရုံအား စက်ရုံအားရပ်ဆိုင်းထားရန် အမိန့်ထုတ် ထားပါသော်လည်း ဦးရှောက်ချင်းမှာ အမိန့်စာကို မသိကျိုးကျွန်ပြုနေခြင်းကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဟိုပန်မြို့ ၆-၇-၂၀၁၂ ရက်စွဲ အမိန့်အမှတ် (၁/၂၀၁၂)အား ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ခဲ့ပါသည်။

အထက်ပါအမိန့်အား လေးစားလိုက်နာမှုမရှိသောကြောင့် တတိယအကြိမ်အဖြစ် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း ဦးစီးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ရက်စွဲဖြင့် ဦးရှောက်ချင်း (ဝေဆာကုမ္ပဏီ) ပိုင်ဆိုင်သော အရည်အသွေးမြင့် ရော်ဘာကုန်ကြမ်းစက်ရုံအား လုံးဝရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန် ထားပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ ရော်ဘာစက်ရုံကို ဆက်လက်လည်ပတ်နေပါသဖြင့် သက် ဆိုင်ရာတာဝန် ရှိသူများမှ တရား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ပေး ပါရန် တောင်းဆို လျက် ရှိကြောင်း ဒေသခံပြည်သူများထံမှ သတင်းရ ရှိသည်။

သစ်ထူးလွင်

No comments:

Post a Comment