Pages

Friday, December 14, 2012

ရန်ကုန်မြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ

ဒီဇင်ဘာ(၁၄)


ရှမ်းရိုးရာနှစ် ၂၁၀၇ ခုနှစ်ကို ကြိုဆိုသည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပပြု လုပ်ကြောင်း သတင်းရရှိပါသည်။ ရှမ်းနှစ်သစ်ကြိုဆိုပွဲကို ရှမ်းရိုးရာနှစ် ၂၁၀ ခုနှစ် တန်ဆောင်မုန်းလကွယ်ည (၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ည) တွင် ရန်
ကုန်မြို့ မရမ်းကုန်းမြို့နယ် ကိုးမိုင်ရှမ်းရွာရှိ အောင်မြေဘုံသာ သျမ်းကျောင်းတွင် ည ၇ နာရီဝန်းကျင်၌ စတင်ပြုလုပ်ခဲ့သည်။ အဆိုပါ နှစ်သစ်ကြိုဆိုပွဲသည် ရန်ကုန်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပွဲဖြစ်မြောက်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရှမ်းတိုင်းရင်းသားများ ပါဝင်ဆင်နွှဲခဲ့ကြသည်။ အခမ်းအနားကို ရှမ်းအိုးစည်တီးခတ်မှု၊ ရွှေဥဒေါင်း ငှက်အက၊ တိုးနယားအက၊ သိုင်းအကတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ညောင်းပင်ရှမ်းရွာအက၊ ရန်ကုန်-ထုံ့မောဝ်အသင်း ရှမ်းအိုးစည်အက၊ တိုင်းနေပျိုမေခုနစ်ဖော်အက၊ ရွာသာယာရှမ်းအက၊ ဓားသိုင်းယိမ်းအက၊ တိုက်ကြီးရှမ်းစုရပ်ကွက် ငှက်အလှအက၊ ပါခါးရွာ-တို့တောင်ပေါ် သဘာဝအက၊ ခေတ်အကနှင့်ရိုးရာအက၊ ရှမ်းယဉ်ကျေးမှု ကကွက်များ စသည်တို့ကို ရှမ်းတိုင်းရင်းသားများက တင်ဆက်ဖျော်ဖြေခဲ့ကြသည်။ ရှမ်းရိုးရာအကများအပြင် ရှမ်းတေးသီချင်းများကိုလည်း ရှမ်းတိုင်းရင်းသား တေးသံရှင်များဖြစ်သည့် နန်းဆိုင်စံ၊ နန်းအိန်ခမ်း၊ နန်းခမ်းစက်၊ စိုင်းနောင့်စသူတို့က တင်ဆက်ခဲ့ကြသည်။ ရှမ်းရိုးရာ နှစ်သစ်ကူးနေ့ရက်သည် နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျရောက်၍ နှစ်စဉ် တန်ဆောင်မုန်းလကွယ်ည၌ နှစ်သစ်ကြိုဆိုပွဲများကို ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင်သာမက ပြည်တွင်းရှိ ရှမ်းတိုင်းရင်းများ ရောက်ရှိနေထိုင်မှု များပြားသောမြို့ကြီးများတွင်ပါ ပြုလုပ်လေ့ရှိသည်။ ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများသည် နှစ်စဉ်ရှမ်းနှစ်သစ်ကြိုဆိုပွဲကို ပြုလုပ်လေ့ရှိပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ရှမ်းပြည်နယ်နေ့ အခမ်းအနားကိုလည်း နှစ်စဉ်စုစည်းကျင်းပလေ့ ရှိကြသည်။
 
Eleven Media

No comments:

Post a Comment