Pages

Saturday, December 29, 2012

မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ် မောင်းနှင်စဉ် လေယာဉ်ဘီးပေါက်မှု ဖြစ်ပွားခဲ့



ဒီဇင်ဘာ(၂၉)

ဒီဇင်ဘာလ ၂၉ ရက် နေ့လည်က မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ်မှာ ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်းနှင်စဉ် လေယာဉ်ဘီးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လေယာဉ်သည် မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်များနေရာတွင် အစားထိုးရန် ဘရာဇီးနိုင်ငံမှ ၀ယ်ယူထားခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။    

အဆိုပါလေယာဉ် ဘီးပေါက်မှုဖြစ်စဉ်မှာ လေယာဉ်ပျံသန်းမှုအတွက် လုံခြုံစိတ်ချမှု ရရှိနိုင်ရန် စမ်းသပ် ပျံသန်းပြီး လေဆိပ်ပြေးလမ်းပေါ်သို့ ဆင်းသက်ချိန်တွင် ယင်းသို့ လေယာဉ်ဘီးပေါက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုလေယာဉ်အား စမ်းသပ်မောင်းနှင်သည့် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးမှာ နိုင်ငံခြားသား လေယာဉ်မှူးများ ဖြစ်ကြောင်းလည်း သိရသည်။
"လေကြောင်းလိုင်းတစ်ခုက ခရီးစဉ်ပျံသန်းဖို့အတွက် လေယာဉ်ဝယ်ယူပြီးချိန်မှာ လေယာဉ်ပျံသန်းစဉ် လုံခြုံစိတ်ချရမှု အတွက် အကြိမ်ကြိမ် စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်ရပါတယ်။ အခုလည်း အဲလို စမ်းသပ်မောင်းနှင်ချိန်မှာ လေယာဉ်ကွင်း အလယ်ခေါင်မှာ ဘီးပေါက်သွားတာဖြစ်ပါတယ်။ ဒီလေယာဉ်က ပြေးလမ်းရဲ့ အပြင်ဘက်ကိုလည်း ထွက်မသွားပါဘူး။ လေယာဉ်မှူးတွေလည်း ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး။ အခုချိန်မှာ လေယာဉ်က လေယာဉ်ဂိုထောင်ထဲကို ပြန်လည်ရောက်ရှိ နေပြီဖြစ်ပါတယ်။ စိတ်ချရတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှသာ ခရီးစဉ်တွေကို ပြေးဆွဲသွားမှာဖြစ်ပါတယ်"ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။    

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့် လေယာဉ်များ နေရာတွင် လေယာဉ်သစ်များ အစားထိုးပျံသန်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး ပထမဆုံးအနေဖြင့် လေးနှစ် သက်တမ်းသာ ရှိသေးသော EMBRAER 190 လေယာဉ်သစ်နှစ်စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ္ပဏီမှ အငှားဝယ်ယူသည့် စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ဒုတိယလေယာဉ်သစ်တစ်စီးမှာ၂၀၁၃ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု သိရသည်။

EMG 

No comments:

Post a Comment