Pages

Monday, January 14, 2013

လင်မယား ရန်ဖြစ်စဉ် ကလေးကို လွှင့်ပစ်၍ သေဆုံးသည်ဟုဆိုကာ အမှုဖွင့်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ထောက်ကြံ့ကွင်း ကျေးရာတွင် လင်မယားအကြား ခိုက်ရန်ဖြစ်ပွားရာမှ ခင်ပွန်းဖြစ်သူက ကိုးလအရွယ် ကလေးငယ်ကို လွှင့်ပစ်မိရာမှ ယင်းကလေးငယ် သေဆုံးသွားခဲ့သည်ဟု ဇနီးသည်က စွပ်စွဲကာ ဇန်နဝါရီလ ၁၃ ရက်တွင် အမှုဖွင့်လိုက်ကြောင်း ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

အမှု၏ တရားလို မစန်းစန်းလှိုင် က ၎င်းနှင့် ခင်ပွန်းသည် ကိုသန်းဇော်ဦး တို့သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ညတွင် အချင်းများပြီးနောက် သူက ကလေးကို ခေါ်ကာ အိမ်ပေါ်မှ ဆင်းခဲ့ကြောင်း၊ လမ်းခရီးတွင် ခင်ပွန်းဖြစ်သူက နောက်မှလိုက်လံ၍ ကလေးကို လုသဖြင့် ခင်ပွန်းထံ ကလေးကို ပေးလိုက်ပြီး ၎င်းက ဆက်လက်ထွက်ခွာခဲ့သည် ဟု ရဲစခန်းတွင် ထွက်ဆိုသည်။ 

ထိုသို့ ထွက်ခွာလာပြီး မကြာမီ ခင်ပွန်းသည်က ကလေးကို လွှင့်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ရပြီး ကလေးမှာလည်း ဦးခေါင်းမှ သွေးများထွက်ကာ သေဆုံးသွားကြောင်း မစန်းစန်းလှိုင်၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းများတွင် ဖော်ပြသည်။

ကလေးငယ်၏ အလောင်းကို ခင်ပွန်းသည်က သုဿန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး မစန်းစန်းလှိုင်ကိုလည်း ယင်းကိစ္စအား ရဲမတိုင်ရန် ပြောဆိုခဲ့သဖြင့် ၎င်းက မတိုင်တန်းဘဲ နေခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ 

သို့သော် မစန်းစန်းလှိုင်၏ မိဘများက အမှုဖွင့်ရန် ဖျောင်းဖျတိုက်တွန်းသဖြင့် ယခုကဲ့သို့ ရဲသို့ တိုင်ကြားခြင်းဖြစ်သည်ဟု ဆိုသည်။

မစန်းစန်းလှိုင်နှင့် ၎င်း၏ ခင်ပွန်းသည် ကိုသန်းဇော်ဦးတို့ နှစ်ဦးလုံးသည် အသက် ၁၉ နှစ်သာ ရှိသေးကြောင်း ရဲစခန်းက မှတ်တမ်းတင်ထားသည်။

အဆိုပါအမှုကို ကုက္ကိုကုန်းကျေးရွာ ရဲစခန်းက အမှုအမှတ် (ပ)၅/၂၀၁၃ ဖြင့် လက်ခံထားပြီး ပုဒ်မ ၃၀၄-က/၂၀၁ ဖြင့် အမှုဖွင့်ထားသည်ကို တွေ့ရသည်။
မဇ္ဈိမ

No comments:

Post a Comment