Pages

Tuesday, January 29, 2013

သျှမ်းပြည်သံဃာ့ဗဟိုနာယကအဖွဲ့ အတွင်းရေးမှူးဟောင်း ဘ၀နတ်ထံပျံလွန်တော်မူ

ဇန်န၀ါ၇ီ(၂၉)

သျှမ်းပြည်သံဃာ့ဗဟိုနာယကအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးကောဝိဒ (တောင်ကြီးမြို့ ကမ္မဌာန်း ဗုဒ္ဓရိပ်သာ ကျောင်း တိုက်) သက်တော် ၈၃ ဝါတော် ၆၂ သည် ပြီးခဲ့သည့်အပတ်က ဘ၀နတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်သဖြင့် ဈာပနအခမ်း အနားအား နက်ဖြန် ၂၉ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 sao sa kaw                                                     ဆရာတော်ဦးကောဝိဒ
 သျှမ်းပြည်သံဃာ့ ဗဟိုနာယကအဖွဲ့ အတွင်းရေးမှူး သက်တမ်း ၂ ကြိမ်တိုင်တိုင်တာဝန်ထမ်းဆောင် ခဲ့သော ဆရာတော် ဦးကောဝိဒသည် ပင်လုံမြို့ ပရိယတ္တိစာသင်တိုက် ပိဋိကတ်ကျောင်းတိုက်၌ ၁၀ နှစ်တိုင်တိုင် စာချဆရာတော်ဖြစ်ခဲ့ဖူးသည်။ ထို့အပြင်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဝတ်မိုင် သျှမ်းဘုန်းကြီးကျောင်း ဆောက်လုပ်နိုင်ရေးအတွက် ကိုယ်တိုင်ဦးဆောင် ကာ အလှူရှင်များအား စည်းရုံးရေးဆင်းခဲ့သည်။ အဆိုပါ ဝတ်မိုင်ဘုန်းကြီးကျောင်းသည်ယနေ့တိုင် ထိုင်းရောက် သျှမ်းပြည် သားများအတွက် အားကိုးရာနေရာဖြစ်ခဲ့ပါသည်။ 

အလားတူ တောင်ကြီးမြို့ ဗုဒ္ဓရိပ်သာမြေနေရာအား ကမ္မဌာန်းကျောင်းတိုက်ဆောက်လုပ်ရန်အတွက် လှူဒါန်းပေးခဲ့သည်မှာ လည်း ဆရာတော်ဦးကောဝိဒပင်ဖြစ်ပါသည်။ 

ဆရာတော်သည် သျှမ်းပြည်အတွင်း သျှမ်းစာပေသင်ကြားမှု ခွင့်မပြုပါက သျှမ်းပြည်တွင်း ဘုန်း ကြီးကျောင်း များ၌လည်း ဗမာစာသင်ကြားမှုကို ကန့်ကွက်ပိတ်ပင်သည်ဟု ထိုစဉ်က စစ်အစိုးရအား ဆန္ဒပြတောင်းဆိုခဲ့သည်။ တောင်ကြီးမြို့ရှိ အစိုးရအရာရှိကြီးတဦးပင် ဆရာတော်အား ထိုအမိန့်ပြန် ရုပ်သိမ်းရန် လာရောက်တောင်းပန်ခဲ့ဖူးသည်ဟု ဆရာတော်နှင့် နီးစပ်သည့်မိတ်ဆွေ ဒကာတဦး က ပြောပြသည်။ ထို့ကြောင့်လည်း ဆရာတော်အား သိကျွမ်းသူ တပည့်ဒကာများနှင့် သံဃာတော် များက ဆရာတော်အား လေးစားအားကိုးခဲ့ကြကြောင်း ဆရာတော်နှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦး ကပြောပါသည်။

ဆရာတော်သည် ပဲခူးတိုင်း အုတ်ဖိုမြို့နယ်၌ မွေးဖွားခဲ့သည့် မြေပြန့်သျှမ်းတိုင်းရင်းသား တဦးဖြစ် ပါသည်။ ဖခမည်းတော်မှာ လုံးနန္ဒိယဖြစ်ပြီး မယ်တော်မှာ ပါ့နန်းခမ်းဟိန်း ဖြစ်ပါသည်။ ၁၉၃၀ ခုနှစ်တွင်ဖွားမြင်တော်မူပြီး သက်တော် ၁၅ နှစ်၌ ကိုရင် ဝတ်ကာဗုဒ္ဓကျမ်းဂန်များအားလေ့လာ သင်ယူရင်း ဓမ္မာစရိယ ၂ ကျမ်းအောင်မြင်တော်မူခဲ့သည်ဟု ဆိုပါသည်။ 

ဆရာတော်ဦးကောဝိဒသည် သက်ကြီးရောဂါဖြင့် ယခုလ ၁၉ ရက်နေ့က တောင်ကြီးမြို့၌ ဘ၀နတ်ထံ ပျံလွန်တော်မူသွား ခဲ့ပါသည်။

ဈာပန သဂြိုဟ်ပွဲအခမ်းအနားအား မနက်ဖြန် ဂျန္နဝါရီလ ၂၉ ရက်နေ့တွင် တောင်ကြီးမြို့၌ပင်ကျင်းပ မည်ဖြစ်ကြောင်း သျှမ်းသံဃာတော်များအသိုင်းအဝိုင်းမှ သိရပါသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment