Pages

Tuesday, January 29, 2013

“ဘီလျံနာအဖြစ် အမွေဆက်ခံရမည့် တရုတ်အမျိုးသမီး ချစ်သူအလိုရှိနေ”

ဇန်န၀ါရီ(၂၉)

ဘီလျံနှင့်ချီသော ငွေကြေးများအတွက် အမွေဆက်ခံရမည့်သူ တစ်ဦးအတွက် ကြင်ရာဖက် ရရှိရန်မှာ ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ဟု ယူဆရန် ရှိသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အကြွယ်ဝ အချမ်းသာဆုံးဖြစ်သော သူဌေးကြီး၏ အမွေခံ သမီးကမူ သူမ၏ ဘဝသည် လူအများ ထင်မှတ်ထားသည်ထက် ခက်ခဲစွာ
ရုန်းကန်နေရကြောင်း ဖွင့်ဟခဲ့သည်။ မီဒီယာများ၏ အာရုံစိုက်မှုနှင့် အတုအယောင် စီခြယ်မှုများကြောင့် သူမသည် ချစ်သူတစ်ဦးမျှ မရှိဘဲ ဖြစ်နေကြောင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Marie Claire မဂ္ဂဇင်းသို့ အသက်(၃၀)အရွယ် ဇွန်ဖူလီက ပြောကြားခဲ့သည်။ ဇွန်က သူမသည် ချမ်းသာပြီး အဖော်မဲ့နေကြောင်း ညည်းညူသွားခဲ့သည်။

အထူးသဖြင့် သူမပိုင်ဆိုင်သော ငွေကြေးဥစ္စာများကြောင့် သမားရိုးကျ လူကောင်းသူကောင်း တစ်ဦးကို ရှာဖွေရန် ခက်ခဲနေကြောင်း ဇွန်က ဖွင့်ဟခဲ့သည်။ သူမသည် တရုတ်နိုင်ငံ၏ အကြွယ်ဝဆုံး ပုဂ္ဂိုလ်ဖြစ်သော Wahaha အဖျော်ယမကာ လုပ်ငန်းစု ပိုင်ရှင် သူဌေးကြီး ဇွန်ကွင်ဟူ၏ သမီးဖြစ်သည်။ သူမ၏ ဖခင်သည် တရားဝင် စာရင်းဇယားဖြင့် ပိုင်ဆိုင်မှု ဒေါ်လာ (၁၂)သန်း ရှိနေသည်။ "ခုဆိုရင် ကျွန်မက အချစ်နဲ့ ပတ်သက်လို့ အဆိုးမြင်သမားလို ဖြစ်လာတယ်။ တကယ်တော့ ကျွန်မလို အခြေအနေမျိုး မိန်းမသားတိုင်းဟာ တကယ့် အဖော်အဖက် ယောက်ျားကောင်း တစ်ယောက်ကို ရှာဖွေဖို့ ခက်ခဲမှာပါ။ ဒါကို တွေးကြည့်ရင် လူတိုင်း မြင်သာနိုင်ပါတယ်"ဟု ဇွန်က မှတ်ချက်ပြုခဲ့သည်။ သူမသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ ပက်ပါဒင်း တက္ကသိုလ်တွင် ပညာသင်ယူခဲ့ပြီး လတ်တလောတွင် ဖခင်၏ စီးပွားရေး နယ်ပယ်၌ ပါဝင်လုပ်ကိုင်နေသည်။ 

သူမက "ကျွန်မက အချစ်နဲ့ ပတ်သက်လို့ ရိုးရိုးလေးပဲ တောင်းဆိုခဲ့တာပါ။ ကျွန်မကို တစ်ယောက်ယောက်က နေ့တိုင်း Text Messageပို့မယ်။ ပြီးတော့ သာမန် နှုတ်ဆက် စကားလေးတွေ ပြောမယ်။ ကျွန်မ ထမင်းစားပြီးပြီလား ဆိုတာမျိုး မေးချင်မေးမယ်။ ဒါမှမဟုတ် ဘယ်အချိန် အိပ်မှာလဲ ဆိုတာမျိုးပေါ့။ ကျွန်အတွက် နည်းနည်းလောက် ချစ်ပြရုံ၊ ဂရုစိုက်ရုံ အပြုအမူလေးက လုံလောက်ပါပြီ။ ဒါပေမဲ့ အဲဒီလို ယောက်ျားမျိုး ကျွန်မအတွက် လိုက်ရှာဖို့ သိပ်ခက်ပါတယ်။ တကယ့်ကို ခက်တာပါ"ဟုလည်း ဆိုသည်။ သူမက ချဉ်းကပ်လာသော အမျိုးသား အများစုသည် အလုပ်သဘော ဆန်လွန်းကြောင်းလည်း ဝေဖန်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမကို အင်တာနက်မှတစ်ဆင့် တရုတ်အမျိုးသား မြောက်မြားစွာက ချဉ်းကပ်ရန် ကြိုးစားခဲ့ခြင်းမှာ မဆန်းသော ကိစ္စလည်း ဖြစ်နေဆဲဟု သတင်းများက ဖော်ပြသွားသည်။

SourceNBC News

No comments:

Post a Comment