Pages

Wednesday, January 9, 2013

ကျောက်မဲတစ်မြို့လုံး ဆိုက်ကားအစီး(၂၀)သာ ကျန်ရှိ

 

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့တွင် ဆိုင်ကယ်တက္ကစီများနှင့်သုံးဘီးတက္ကစီများ တိုးချဲ့ ပြေးဆွဲလာသော
ကြောင့်  ယခင်အားကိုးခဲ့ရသည့် အနှေးယာဉ်(ဆိုက်ကား)သမား၏ နေ့စဉ်ဝင်ငွေမှာသိသိသာသာလျော့ကျလာ
ကြောင်းအနှေးယာဉ်လုပ်သားများထံက သိရသည်။
 
ထိုကဲ့သို့ အနှေးယာဉ်များနေရာတွင် အမြန်ယာဉ်များ အစားထိုးဝင်ရောက်မှု၌ ဈေးကွက်အနေအထား အရ အမြန်ယာဉ်များမှာ ဈေးနှုန်း ယှဉ်ပြိုင်လျှော့ချလာသည့်အတွက် အမြန်ယာဉ်လုပ်သားများအနေ ဖြင့် အခက်အခဲတွေ့
နေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
“သုံးဘီးတွေကတော့ အကုန်လုံးနီးပါးအခွန်ဆောင်ထားတာတွေချည်းပဲ ဆိုင်ကယ်တက္ကစီတွေက အခွန်ဆောင်တာ ရှားတယ်၊ ဒီတိုင်းပဲ ဈေးပေါပေါနဲ့လိုက်ပို့နေကြတော့ တော်ရုံအနှေးယာဉ် ငှားမယ့်သူက မငှားတော့ဘူး” ဟု မြို့ခံ အသက် ၂၅ နှစ်အရွယ် သုံးဘီးမောင်းနှင်နေသူတစ်ဦးက ပြောသည်။

ကျောက်မဲ၌ ဆိုက်ကားတစ်ဦး တစ်နေ့ အုံနာခနှုန်းမှာ ကျပ်(၂၅၀)၀န်းကျင်ပေးရ၍ ဆိုက်ကားဆရာ တစ်ဦး၏ တစ်ရက်ဝင်ငွေမှာ ယခင်က တစ်နေ့လျှင် ပျမ်းမျှ ကျပ်ငါးထောင်ဝန်းကျင် ရှိခဲ့ရာမှ ယခု တစ်နေ့လျှင် ကျပ်နှစ်ထောင် ရရှိရန်ပင် မလွယ်ကူ၍ အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း အနှေးယာဉ် လုပ်သားတို့က ဆိုသည်။
 
တရုတ်နိုင်ငံထုတ် သုံးဘီးများနှင့် လိုင်စင်မဲ့ဆိုင်ကယ်ဝင်ရောက်ရာ လမ်းကြောမြို့ဖြစ်သည်နှင့်အညီ ကျောက်မဲမြို့၌ ၂၀၁၁ မှစ၍ သုံးဘီး အငှားယာဉ်များနှင့် ဆိုင်ကယ်တက်စီမောင်းသူများ သိသိသာသာများပြားလာပြီးနောက် မြို့တွင်းအနှေးယာဉ်(ဆိုက္ကား)အရေအတွက်လျော့ ကျသွားပြီး နေ့စဉ် ၀င်ငွေမှာလည်း ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
 
“သုံးဘီးတက္ကစီတွေနဲ့ဆိုင်ကယ်တက္ကစီသမားတွေက တစ်နေ့တစ်ခြားတိုးလာတယ်၊ ဆိုက္ကားဆို တော်ယုံတန်ယုံ
မငှားကြတော့ဘူး၊ ပြီးခဲ့တဲ့ နှစ်အစပိုင်းလောက်က အနှေးယာဉ်အရေအတွက် ၁၁၀ ကျော်ရှိပေမယ့်၊ အမြန်ယာဉ်တွေ များလာတဲ့ တစ်နှစ်အတွင်းမှာ အစီးနှစ်ဆယ်လောက်ပဲ ကျန်တော့ တယ်၊ နှစ်ပေါင်း နှစ်ဆယ်နီးပါး ဒါနဲ့ပဲဝင်ငွေရှာလာခဲ့တော့ ကျန်တာလဲမလုပ်တတ်ဘူး၊တစ်နေ့စာဝင်ငွေတောင် မနည်းရှာနေရတယ်”ဟု ကျောက်မဲ မြို့မှအသက် (၅၅) နှစ်အရွယ်ရှိ အနှေးယာဉ် မောင်းလုပ်သားတစ်ဦးက ပြောသည်။
 
လက်ရှိတွင် ဆိုင်ကယ်တက္ကစီနှင့် သုံးဘီးတက္ကစီမောင်းနှင်သူမျာအနေဖြင့် တစ်နေ့လျှင် ၀င်ငွေ ကျပ်တစ်သောင်းဝန်းကျင် ရရှိကြောင်းကိုလည်း သိရသည်။
 
 သုံးဘီးအငှားယာဉ်များမှာ တစ်မြို့လုံးတွင် အစီး(၁၀၀)ကျော်ရှိနေပြီး ၂၀၁၂ နှစ်ကုန်အထိ အခွန် ဆောင်ထားသော အနှေးယာဉ်မှာ (၅၀)ကျော်ခန့်ရှိကြောင်း သိရသည်။
 
နေ့စဉ်ဝင်ငွေနည်းပါးမှုကြောင့်လက်ရှိဆိုက်ကားမောင်းနှင်နေသူမှာအယောက်နှစ်ဆယ်ဝန်းကျင်သာရှိတော့ကြောင်း၊
 ယခင်က ဆိုက်ကားအုံနာအား စပေါ်အနေဖြင့် ကျပ်(၂)သောင်းဝန်းကျင်  တောင်းခဲ့ရာမှ ယခုဆိုက်ကားနင်းမည့်သူ
ပင် မရှိတော့၍ အုံနာခမယူပဲ နေ့သွင်းနှင့် ပေးနေရကြောင်း ကိုလည်း အနှေးယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
 
`ဆိုင်ကယ်တက္ကစီတွေကို နည်းနည်းလောက် စီစစ်ပေးစေချင်တယ်၊ အခွန်ရှောင်တဲ့ တက္ကစီတွေက ဈေးပေါပေါ နဲ့လုပ်စားနေကြတာကြောင့် အခွန်ဆောင်ထားတဲ့ အနှေးယာဉ်တွေ အလုပ်မဖြစ်တာလို့ ကျွန်တော်ထင်တယ်´ ဟု သုံးဘီးအငှားယာဉ်မောင်းသူတစ်ဦးက သုံးသပ်သည်။
              
သုံးဘီးအငှားယာဉ်များနှင့် ဆိုင်ကယ်တက္ကစီသမားများကြောင့် အနှေးယာဉ်သမားများ ၀င်ငွေလျော့ကျသွားယုံမျှမ
ကအဝေးပြေးကား ဆိုက်ရောက်ချိန်၌ ခရီးသည် အလုအယက် ခေါ်ယူမှုများကြောင့် ဗဟိုဈေးကြီးအနီးတစ်ဝိုက်တွင် ယာဉ်ကျောပိတ်ဆို့မှုများမှာ မကြာခဏဖြစ်ပေါ်နေကြောင်းကိုလည်း မြို့ခံတို့က ဆိုသည်။
မြစ်မခ
 

No comments:

Post a Comment