Pages

Friday, February 22, 2013

လွယ်လန်း တောင်ကြောတစ်လျှောက်တွင် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ စစ်စခန်းများ တိုးချဲ့တည်ဆောက်နေသဖြင့် အစိုးရတပ်များနှင့်တိုက်ပွဲများဖြစ်ပွားနေ

ဖေဖော်ဝါရီ(၂၂)

ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အဖွဲ့ခေါင်းဆောင် ပန်ဖ
 
၂၀၁၂ ခုနှစ် အကုန်ပိုင်းမှစတင်ပြီး တန့်ယန်းမြို့နယ်၊ လွယ်လန်း တောင်ကြောတစ်လျှောက်တွင် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ နယ်မြေကျူးကျော်လာပြီး စစ်စခန်းများတည်ဆောက် လာသောကြောင့် အစိုးရ စစ်ကြောင်းများနှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

''တိုက်ပွဲဖြစ်ပွားနေတာကတော့ တန့်ယန်းမြို့နဲ့ မိုင်းကောင်းမြို့အကြားမှာရှိတဲ့ လွယ်လန်းတောင်ကြော တစ်လျှောက်မှာပါ၊ ဖေဖော်ဝါရီလ(၁၉/၂၀) ရက်တွေမှာ အစိုးရတပ် ခလရ(၃၃)၊ ခလရ(၃၃၂) တပ်တွေနဲ့ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့ တပ်မဟာ(၇)လက်အောက်ခံအဖွဲ့တွေ တိုက်ခိုက် တာဖြစ်ပါတယ်။ တိုက်ပွဲမှာ တစ်ဖက်နှင့်တစ်ဖက် ထိခိုက်မှုမရှိပေမယ့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့ဘက်မှ လက်နက်ကြီးများ၊ RPG များနှင့် စတင်ပစ်ခတ်ကြောင်း'' မုံးဟင်ရွာ မှ ဒေသခံများက ပြောပြပါတယ်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့၏လူသစ်စုဆောင်းခြင်းခံရသူ (၄၈)ဦး

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထား သော်လည်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ တရားမ၀င်သစ်/ သတ္တု လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ လက်နက်ခဲယမ်းများ ဖြည့်တင်းဝယ်ယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ လူသစ်စုဆောင်းခြင်း များပြုလုပ်လျက်ရှိရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့ တွင် ကွတ်ခိုင်မြို့နယ်၊ တာပန်းကုန်းကျေးရွာ အနီးမှ လူသစ်စုဆောင်းခြင်းခံရသူ (၄၈)ဦးအား အစိုးရ စစ်ကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့များမှ တွေ့ရှိခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့သည်။ 

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင်လည်းနမ္မတူမြို့၊ ငွေရတနာမန်း ကားဂိတ်(၃)ဂိတ်အား ဆက်ကြေးကောက်ခံသွားခဲ့ပြီး ငွေမပေးပါက ခရီးသည်တင်ယာဉ်များအား ပစ်ခတ်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။


တိုက်ပွဲမဖြစ်မီ(၁)ပတ်အလို၌ လားရှိုးတိုင်းမှူးမှ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) လားရှိုးတာဝန်ခံ စိုင်းအောင်လတ်အား ခေါ်ယူပြီး လွယ်လန်း ဒေသတစ်လျှောက်တွင် စစ်စခန်းတိုးချဲ့ တည်ဆောက် မှုများရှိနေကြောင်းနှင့် မိမိတို့စစ်ကြောင်းများ နယ်မြေ ရှင်းလင်းရာတွင် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် လွယ်လန်းတောင်မှတပ်များဖယ်ပေးရန် ပြောဆိုအသိပေး ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ငွေရတနာမန်း ကားဂိတ်သို့ ဆက်ကြေးတောင်းသည့်စာ

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့အား အစိုးရမှတရားဝင် သတ်မှတ်ပေးခဲ့သည့်နယ်မြေမှာ ၀မ်ဟိုင်း တွင်သာဖြစ်သော်လည်း နမ့်ပုတ်၊ နမ့်ဆမ်၊ မန်တုံ၊ မုံးဟင်၊ မုံးဟ ဒေသများသို့ နယ်မြေ ကျူးကျော် ၀င်ရောက် လာခဲ့ကြပြီး ယခုလွယ်လန်းတောင်ကြောတစ်လျှောက်တွင် အင်အား (၁၀၀)ကျော်ခန့်နှင့် လူနေတဲများ၊ ပစ်ကျင်း များ တူးဖော် ဆောက်လုပ်နေပြီး အခြေချစစ်စခန်း များပြု လုပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

အစိုးရမှ သက်ဆိုင်ရာဆက်ဆံရေးရုံးများသို့ တရားဝင်အကြောင်းကြား အသိပေးထားသော်လည်း ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ လိုက်နာခြင်းမရှိသည့်အပြင် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များကို ဖောက်ဖျက်ကျူးလွန်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော အစိုးရစစ်ကြောင်း များအား စောင့်ကြိုတိုက်ခိုက် နေသည့်အတွက် ယခုကဲ့သို့ လွယ်လန်းတောင်ဒေသတွင် တိုက်ပွဲ များဖြစ်ပွားနေခြင်းဖြစ်ကြောင်း တန့်ယန်းမြို့မှ ဒေသခံများက ပြောပြပါသည်။

No comments:

Post a Comment