Pages

Wednesday, February 27, 2013

အရွယ်မရောက်သူ မြန်မာကလေးငယ် ၇ ဦး အား ထိုင်းက ကယ်တင်

ဖေဖော်ဝါရီ(၂၇)
 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အတင်း အဓမ္မ ခိုင်းစေရသည်ဟု ယူဆရသော အသက် ၁၅ နှစ်အောက် 
မြန်မာ ကလေးငယ် ၇ ဦးကို ထိုင်း အာဏာပိုင်းများက ယခုလ ၂၅ ရက်နေ့ က နေအိမ်တခုတွင် သွား 
ရောက် ကယ်တင်ခဲ့သည်။

ဓာတ်ပုံ- dailynews.co.th


ထိုင်းအာဏာပိုင်များ သတင်းအရ ဘန်ကောက်မြို့ရှိ အေကမိုင် လမ်းဘေး တလျှောက် သကြားလုံး ရောင်း
နေသည့် ကလေးငယ် များ၏ နောက်သို့ ခြေရာခံ၍ သွားရောက် ကယ်တင်ခဲ့ခြင်း ဖြစ်သည်။


အသက်မပြည့်သေးသည့် ကလေးငယ်များကို ခိုင်းစေသည်ဟု ယူဆရသော အသက် ၂၉ နှစ်အရွယ်ရှိ စိုးနောင်၊ ၃၄ နှစ်အရွယ် မစိုးဒါး၊ ၃၆ နှစ်အရွယ် မသီတာ တို့ကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီး ထားပြီး ဘန်ကောက်မြို့တွင်ရှိ ထောင်လော ရဲစခန်း တွင် ထိန်းသိမ်းထားကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ထိုင်း အာဏာပိုင်များက အဆိုပါ ၃ ဦးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားပြီး သက်သေခံ ပစ္စည်းများဖြစ်သည့် ဆိုင်ကယ်တစ်စီး၊ ဘတ်ငွေ ၁၂၂၀ နှင့် သကြားလုံး အထုပ် ၁၇ ထုပ်တို့ကို သိမ်းဆည်းရမိ ထား 
ကြောင်း ဒေးလီးနယူး အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

ကလေးတွေကို လမ်းဘေးမှာ သကြားလုံးရောင်းခိုင်းတာ ဟုတ်ပါတယ်၊ အချိန်ကျရင် သူတို့ကို အိမ် ပြန်ခေါ်သွားပါတယ်”ဟု အဖမ်းခံရသူများက ထွက်ဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်း အာဏာပိုင်များက ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဖမ်းဆီးခံထားရသူ ၃ ဦးအား ဆက်လက် စုံစမ်း စစ်ဆေး သွားမည်ဟု ဆိုသည်။ 
 

ပြီးခဲ့သည် ၂၀၁၁ ခုနှစ်ကလည်း ချင်းမိုင်မြို့တွင် လူကုန်ကူးခံရပြီး အတင်းအဓမ္မ တောင်းရမ်းခိုင်းသည်ဟု ယူဆရသော မြန်မာ ကလေး ၆ ဦးကို ထိုင်း အာဏာပိုင်များက နေအိမ်တခု၌ သွားရောက် ကယ်တင်ခဲ့ဖူးသည်။

ဝါရှင်တန် အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့၏ အဆိုအရ မြန်မာ နိုင်ငံသားများ လူကုန်ကူး ခံရနေခြင်းသည် စီးပွားရေး ကျပ်တည်းပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်သည်ဟု သိရသည်။ World Vision အဖွဲ့ကလည်း အာရှနိုင်ငံများတွင် လူကုန်ကူး မှုများရှိသော်လည်း ထိုင်းနိုင်ငံတွင် အများဆုံး 
ဖြစ်ကြောင်း ဆိုသည်။
The Irrawaddy's Blog

No comments:

Post a Comment