ဖေဖော်ဝါရီ(၆)
ပြီးခဲ့သည့် စနေညက ပါရာဂွေး သမ္မတလောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး လီနိုဆီဇာအိုဗီဒို ရဟတ်ယာဉ် ပျက်ကျ ကွယ်လွန်ခဲ့ရာ ၄င်း အပါအဝင် သက်တော်စောင့်နှင့် ရဟတ်ယာဉ်မှူး တို့မှာလည်း သေဆုံးခဲ့သည်။ အိုဗီဒို ၆၉ နှစ်၏ ရဟတ်ယာဉ်မှာ ပါရာဂွေးနိုင်ငံ အနောက် ဘက်ပိုင်း၌ ပျက်ကျခဲ့ခြင်း ဖြစ်ရာ ယင်းသို့ဖြစ်ပွား ရခြင်း အကြောင်းရင်းကို မသိရသေးကြောင်း ပါရာဂွေး လေကြောင်း ဦးစီး မှပြောသော်လည်း သံသယဖြစ်ဖွယ်ရာများ ရှိကြောင်း ၄င်းကိုထောက်ခံသူများက ဆိုသည်။
သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ယင်းသို့ သေဆုံးမှုကြောင့် နိုင်ငံ၏ နိုင်ငံရေး အသိုင်းအဝိုင်း တစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး လက်ရှိ သမ္မတ ဖရန်ကိုက ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် သတ်မှတ်ကြောင်း ကြေညာခဲ့ သည်။ အာဏာရှင် ဗိုလ်ချုပ်ကြီး အယ်ဖရက်ဒို စထရော့စနာ၏ ၃၅ နှစ် ကြာ အုပ်စိုးမှုကို ၁၉၈၉ ခုနှစ်တွင် အဆုံး သတ်ပေးခဲ့သည့် အိုဗီဒိုမှာ နိုင်ငံ သူရဲကောင်းတစ်ဦး ဖြစ်သည်။
မလိုသူများက ဒီမိုကရေစီ နည်းမကျ အာဏာယူ လိုသူဟု ယိုးစွပ် ခံရသည့် အိုဗီဒိုမှာ ၁၉၉၈ ခုနှစ်အတွင်း သမ္မတ ရွေးပွဲဝင်ရန် ကြိုးပမ်းခဲ့ သော်လည်း ၁၉၉၆ အာဏာ သိမ်းမှုကို အခြေခံ၍ ၁ဝ နှစ်ကြာ အကျဉ်းကျ ခံခဲ့ရသည်။
၂ဝဝ၇ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာပြီး ၂ဝဝ၈ သမ္မတ ရွေးပွဲ ထပ်မံဝင်ရောက်ပြန်ရာ ထောက်ခံမဲ ၂၁ ရာခိုင်နှုန်းသာ ရခဲ့သည်။ ၄င်း ကွယ်လွန်ချိန်နှင့် ၁၉၈၉ အာဏာ သိမ်းမှု ၂၄ နှစ်မြောက် အထိမ်း အမှတ်နှင့် တိုက်ဆိုင်နေရာ အိုဗီဒို၏ ပါတီမှ ”ဤနိုင်ငံရေး လုပ်ကြံမှု ကျူးလွန်သူများကို မလွဲမသွေ အပြစ်ပေးမည် ဖြစ်ကြောင်း” ဆိုသည်။
POPULARMYANMAR.COM
No comments:
Post a Comment