Pages

Thursday, February 14, 2013

လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့မှုအပေါ် ကြည့်ပါက နှစ်ဦးနှစ်ဖက် အကျိုးမရှိဘဲ တိုင်းပြည်၏ ဆုံးရှုံးမှုသာ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦး သိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ဖေဖော်ဝါရီလ ၁၃ရက်နေ့က နေပြည်တော်ရှိ တောင်သူပညာပေးဧက (၅၀၀) စက်မှုလယ်ယာ စံပြစိုက်ခင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။          
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က''ပဋိပက္ခများကို ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာထောက်ထားခြင်းနှင့် အပြန်အလှန် လေးစားတန်ဖိုးထားခြင်းများဖြင့်  စားပွဲဝိုင်းတွင် ဖြေရှင်းညှိနှိုင်းခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း၊ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ရရှိလာသော ငြိမ်းချမ်းရေး အကျိုးဆက်ကို ပြည်သူများ ရေရှည်အကျိုး ခံစားနိုင်ရေးသည် မိမိတို့၏ တာဝန်အဖြစ်ခံယူပြီး ယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေးအဆင့်ရောက်အောင် အဖြေရှာပါက ပြည်သူလိုလား တောင့်တသည့် ငြိမ်းချမ်းရေးကို မလွဲမသွေ ရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ကောင်းကျိုးဆိုးကျိုးသည် မိမိတို့ အားလုံးအပေါ်တွင် မူတည်ကြောင်း'' ဟု ပြောကြားခဲ့သည်။            
တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးသည် တိုင်းပြည်၏ ခွန်အားဖြစ်ပြီး ကြုံတွေ့နေရသည့် လက်နက်ကိုင် ပဋိပက္ခ အမွေဆိုးများကို မိမိတို့ လက်ထက်တွင် ချုပ်ငြိမ်းပြီးပြတ်စေပြီး နောင်လာနောင်သားများအား ကောင်းမွန်သည့် အမွေကို ပေးခဲ့ရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။            
''ပြည်သူ၏ဆန္ဒသည် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် နေထိုင်လိုခြင်းဖြစ်ကြောင်း၊ထို့ကြောင့် စားပွဲဝိုင်းတွင် ရောက်ရှိလာကြပြီးနှစ်ပေါင်း (၆၀) ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင် ဆွေးနွေးနိုင်ကြပြီဖြစ်ကြောင်း၊လက်နက်ကိုင် ပဋိပက္ခ များ ဖြစ်ပွားခဲ့မှုအပေါ် ကြည့်ပါက နှစ်ဦးနှစ်ဖက် အကျိုးမရှိကြောင်း၊ နှစ်ဦးနှစ်ဖက် စစ်သည်များ သေဆုံးခဲ့ရပြီး၊ ဇနီး၊ သားသမီး၊ ဆွေမျိုးများ၏ သောကများ၊ ဒေသခံပြည်သူများ၏ ကြောက်ရွံ့စိုးရိမ်မှုများသာ ဖြစ်ခဲ့ရကြောင်း၊ ဆုံးရှုံးမှုများသည် တိုင်းပြည်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါကြောင်း''ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။            
ထို့ပြင် နိုင်ငံကို ပြည်သူအားလုံးက ပိုင်ဆိုင်သည့်အတွက် ဒေသစွဲ၊ လူမျိုးစွဲစိတ်ဓာတ်နှင့် ပြည်ထောင်စုချစ်စိတ်တို့ ယှဉ်လာ ပါက ပြည်ထောင်စုစိတ်ဓာတ်ကိုသာ ဦးစားပေးရမည်ဖြစ်ပြီး နိုင်ငံတော်ကို သားစဉ်မြေးဆက် ပိုင်ဆိုင်နိုင်အောင် ကာကွယ်သွားရမည်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။              
 နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များမှာ KNU မှ ဖဒိုမန်းငြိမ်းမောင်နှင့် ဖဒိုသမိန်ထွန်း၊RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလှနှင့် ဗိုလ်မှူးကြီးစိုင်းငေး၊ SSPP/SSA မှ ဦးစိုင်းခွန်စိုင်းနှင့် ဦးစိုင်းနော်လိတ်၊ KNU/KNLA မှ ဗိုလ်ချုပ်စောရင်နုနှင့် ဗိုလ်ကြီး စောလားဒို၊PNLO မှ ဦးခွန်တိဆောင်နှင့် ဦးခွန်ဇွဲထို၊ NMSP မှ ဦးနိုင်တလညီ နှင့် ဦးနိုင်ကြည်ဆန်း၊ CNF မှ ဒေါက်တာရွှေခါရ်းနှင့် ဦးပူးထန်ဇဲန်၊ DKBA မှ ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီးစောမောင်လေး၊ NSCN (K) မှ ဦးအန်ကန်းနှင့် ဗိုလ်ကြီးအောင်စိုင်းတို့ ဖြစ်သည်။          
 ဖေဖော်ဝါရီလ၁၃ရက်နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့နှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်။
eleven media group

No comments:

Post a Comment