ပြည်ထောင်စုနေ့ အနုပညာပြပွဲ
ဖေဖော်ဝါရီ(၁၂)
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ အနုပညာပြပွဲတခုကို တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြစံပယ်ခန်းမတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ သုံးရက်တိုင် ကျင်းပလျက်ရှိသည်။
ပြပွဲ ပထမနေ့တွင် တောင်ကြီးရောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွန့်လွင်၊ ရှမ်းပြည်မျိုးဆက်အင်အား စုအဖွဲ့တို့ လာရောက်ကြည့်ရှုအားပေးကြသည်။
ခွန်ထွန်းဦးက ကာတွန်းများ၊ ပင်လုံစိတ်ဓာတ်အခြေခံသည့် ပန်းချီကားများအား ကြည့်ရှုခွင့်ရသဖြင့် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်ဟု ပြပွဲ စီစဉ်သည့် သစ္စာပြတင်း အနုပညာကွန်ရက်အဖွဲ့သားများကပြောသည်။
ပြပွဲကို ညောင်ရွှေ မဂ်လာစည်တော်ကြီး၊ အင်းရိုးရာအက၊ ပအိုဝ်းတိုင်းရင်းသားအက၊ တောင်ရိုးအက၊ ရှမ်းအက၊ ကိန္နရာ ကန္ဒီရီအက၊ ရှမ်းဓားသိုင်းအကတို့ဖြင့် ခမ်းခမ်းနားနား ဖွင့်လှစ်ခဲ့သည်။
ပြပွဲတွင် ပန်းချီဆရာ ၁၈ ဦး၏ ရေဆေး၊ ဆီဆေး၊ ခဲ၊ မင်၊ အခရိုင်းလစ် အမျိုးအစားများဖြင့်ရေးဆွဲထားသည့် ပန်းချီကား စုစုပေါင်း (၃၀၀) ကျော်၊ ကာတွန်းဆရာများ၏ လက်ရာပေါင်း ၄၀ ကျော်၊
ကျောက်ထွင်းပန်းပု၊ သစ်ပန်းပု၊ အင်စတော်လေးရှင်း အတ်၊ ဗီဒီယိုအတ်၊ ဖန်တီးမှု အနုပညာလက်ရာများ ပါဝင်ကြောင်း သစ္စာပြတင်းပန်းချီအဖွဲ့မှ ပန်းချီဆရာ ကိုဇော်မင်းထူးက ပြောသည်။
ပြပွဲတင်ပန်းချီကားများသည် ပြည်ထောင်စု စိတ်ဓာတ်ကို ရည်ညွန်းဖော်ဆောင်သည့် အနုပညာဖန်တီးမှုလက်ရာများဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ထင်ရှားသည့် နိုင်ငံရေးသမားများ၏ ရုပ်ပုံလွာများ အား ယခုခေတ် မျိုးဆက် သိရှိစေရန်ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သစ္စာပြတင်း အနုပညာကွန်ယက်ကပြောသည်။
ဖွင့်ပွဲနေ့ လာရောက်သူများထဲမှ (၁၀) ဦးအား ဗိုလ်ချုပ်အောင်ဆန်းပုံ ဆေးမင်ကြောင် ထိုးပေးခြင်း၊ လာရောက်ကြည့်ရှုသည့် ကလေးငယ်များ စိတ်ကူးဥာဏ်ရည်တက်လာစေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံ ဆေးရောင်ခြယ်ခြင်း စသဖြင့် စီစဉ်ခဲ့ကြောင်း သစ္စာပြတင်း အနုပညာကွန်ရက်မှ ကိုမြတ်သုံက ပြောသည်။
ယခု ပြပွဲသည် သစ္စာပြတင်း၏ ဒုတိယအကြိမ်မြောက် ခြေလှမ်း ဖြစ်သည်။
ဧရာဝတီဘလော့
No comments:
Post a Comment