Pages

Wednesday, February 13, 2013

လုပ်ငန်းရှင်များ စီမံကိန်းအကြောင်းပြ မြေအတောင်းကြမ်း



တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းနှင့် ရာဘာစိုက်ပျိုးရန် ဧကကိုးသိန်း တောင်းသော်လည်း ဧကသုံးသိန်းခန့်သာ လက်တွေ့စိုက်

လုပ်ငန်းရှင်များ စီမံကိန်းကို အပေါ်ယံပြပြီး မြေဧက သိန်းချီတောင်းယူမှုများကို ကြုံတွေ့နေရကြောင်း သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကသတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ လားရှိုး၊ မူဆယ်မြို့ဝန်းကျင်ရှိ မြေဧက ခြောက်သိန်းကျော်ကို အပင်ခုတ်ပြီး ဘိုင်အိုဒီဇယ်ထုတ်ရန် လုပ်ငန်းရှင်တစ်ဦးက တောင်းထားသည်။

လားရှိုးမြို့ဝန်းကျင်တွင် ဧကငါးသိန်းကျော်သာ ရှိသည့်အတွက် လက်ရှိလုပ်ငန်းရှင် တောင်းဆိုမှုကို ခွင့်ပြုပါက ဒေသတစ်ခုလုံး ကုန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကရှင်းပြသည်။

“လူတစ်ယောက်တည်းကို ဧကခြောက်သိန်းကျော်ပေးရရင် ကျွန်တော် အလုပ်ကထွက်ရုံပဲရှိတယ်”ဟု ဦးစိုးသိန်းက ပြောကြားသည်။

အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများကို မြေချထားပေးလိုသော်လည်း လုပ်ငန်းကို သတ်မှတ်နှစ်အတွင်း မဖော်ဆောင်ဘဲထားပါက အစိုးရသို့ ပြန်အပ်သင့်ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်တော်တို့လုပ်တဲ့ အလုပ်တွေထဲမှာ မြေတောင်းတာတွေ ချပေးဖို့က အခက်အခဲဆုံးပဲ”ဟု ဦးစိုးသိန်းကဆိုသည်။
ထိုကြောင့်စီမံကိန်းပြပြီးစာချုပ်ပါသတ်မှတ်ကာလအတွင်းအကောင်အထည်မဖော်ဆောင်သည့် မြေဦးထားမှုများကို ကြီးကြပ်ကွပ်ကဲမှုများ ပြုလုပ်မည်ဟုလည်း ဆိုသည်။ ယခင်က တနင်္သာရီတိုင်းတွင် မြေဧကကိုးသိန်းကျော် ဆီအုန်း၊ ရာဘာ စသည်တို့ စိုက်ပျိုးရန် အစိုးရက ချပေးခဲ့သော်လည်း ဧကသုံးသိန်းနီးပါးသာ အကောင်အထည်ဖော်ပြီးကျန်မြေဧကများကို နေရာဦးထားသကဲ့သို့ ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီးကရှင်းပြ
သည်။
“သူတို့ကမစိုက်ဘဲ ဒီတိုင်းထားတော့ ကျွန်တော်တို့ကမကောင်းဘူးဖြစ်နေတယ်”ဟုဦးစိုးသိန်းကပြောကြားသည်။

ထို့အပြင် အခြေခံလူတန်းစား လယ်ယာမဲ့ အိမ်ထောင်စုများအတွက် နေထိုင်ရန် မြေချပေးရန် စီစဉ်နေသည်ဟု ဆိုသည်။ လယ်ယာမဲ့များကို မိသားစုအလိုက် ဦးစွာစာရင်းကောက်ပြီး သင့်လျော်ရာတွင် လယ်မြေအပိုင် ချထားပေးရန် စီစဉ်ပေးသည်ဟု အထက်ပါပုဂ္ဂိုလ်က တွေ့ဆုံပွဲတွင် ပြောကြားသည်။
7Day News Journal

No comments:

Post a Comment