Pages

Thursday, February 28, 2013

သင်းခွေချပ်(Pangolin) ရဲ့ အစွမ်းသတ္တိ

ဖေဖော်ဝါရီ(၂၈)
သင်းခွေချပ်(Pangolin)သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပအန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာဝတ်စုံသဖွယ် ဖန်တီးပေးထားသည်။

အန္တရာယ်နှင့်ကြုံလာသောအခါ သင်းခွေချပ်များသည် ဘောလုံးသဖွယ် ကိုယ်ကိုလုံးလိုက်ခြင်းအားဖြင့် မာကျောသော အလုံးကြီးဖြစ်သွားသည်။ သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင်ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက်တတ်သော်လည်း အများစုမှာ မတက်တတ်ကြပေ။ သင်းခွေချပ်သည် နှုတ်သီးရှည်၍ ပုရွက်ဆိတ်စားကောင် (Anteater)နှင့် သဏ္ဍာန်တူသည်။

ပုရွက်ဆိတ်စားကောင် (Anteater)သည် အကြေးခွံမပါပဲ အမွှေးများသာ
ပါရှိသည်။ သင်းခွေချပ်သည် အမေရိကတိုက်တွင်တွေ့ရသော မျောက်ပျင်း၊ ပုရွက်စားကောင်၊ အာမာဒီလိုကောင်တို့နှင့်အတူ ဖော်လီဒိုးတားမျိုးဝင် သွားမရှိသည့် နို့တိုက်သတ္တဝါချင်းတူသော်လည်းမျိုးရင်းကားမတူချေ။ သင်းခွေချပ်သည် မင်နီဒီးမျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒ အလိုအရ မေနစ်
ကရပ်စီကော်ဒေးတားဟုခေါ်သည်။

သင်းခွေချပ်များကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၊ အရှေ့အိန္ဒိယ
ကျွန်းစုနှင့် အာဖရိကတိုက်ရှိ ဆာဟာရသဲကန္တာရ တောင်ပိုင်းဒေသများ
တွင်တွေ့ရသည်။ သင်းခွေချပ်သည် ဦးခေါင်းမှကိုယ်ထည်အထိအမြီး
မပါဘဲ နှစ်ပေမှနှစ်ပေခွဲအထိရှည်၍ အမြီးသပ်သပ်သည်တစ်ပေခွဲရှည်သည်။ သင်းခွေချပ်အမျိုးမျိုးရှိရာတွင် အချို့အမျိုးတွင်အမြီးသည်ကိုယ်ထည်တစ်ခု
လုံးထက်တို၍ အချို့အမျိုးတွင်နှစ်ဆမျှ ရှည်သည်လည်းရှိတတ်သည်။

သင်းခွေချပ်၏ ဝမ်းပိုက်ပိုင်းမှတစ်ပါး အခြားကိုယ်ထည်တစ်ခုလုံးသည် အိမ်အမိုးတွင်အုတ်ကြွပ်ပြားများ မိုးထားဘိသကဲ့သို့မာကျောသောအကြေး
ခွံကြီးများဖြင့် တစ်ခုနှင့်တစ်ခု အနားချင်းထပ်ကာဖုံးအုပ်လျက်ရှိနေလေ
သည်။ အရောင်မှာအညိုရင့်ရောင်ဖြစ်သည်။ နှာတံရှည်၍ချွန်သည်။ အပြင်သို့ထုတ်နိုင်သော ရှည်၍စေးကပ်သည့်လျှာလည်း ရှိသည်။ ခြေလက်
တိုသည်။ သင်းခွေချပ်သည် မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်သည့်အခါ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့ လုံးနေအောင်ကွေးလိုက်ရာ တော်ရုံအားဖြင့်
ပြန်၍မဆန့်နိုင်ချေ။ အကြေးခွံများသည် အကာအကွယ်လက်နက်သဖွယ် ကြံ့ကြံ့ခံနိုင်လေသည်။ ဝမ်းဗိုက်ပိုင်းတွင်အမွေးကြမ်းများကျိုးတိုးကျဲတဲပေါက်
၍ အကြေးခွံများကြားတွင်လည်း အနည်းငယ်စီရှိကြသည်။

သင်းခွေချပ်များသည်များသောအားဖြင့် မြေတွင်းအောင်း၍နေကြပြီးလျှင် ခြနှင့်ပုရွက်ဆိတ် တောင်ပို့များကိုတူးကာ ခြ၊ ပုရွက်ဆိတ်နှင့် ယင်းတို့၏ဥများ
ကိုသာ အဓိကထား၍ စားသောက်ကြသည်။ ဤသို့တောင်ပို့များကိုတူးနိုင်ရန် ရှည်၍အနည်းငယ်ကောက်နေသော လက်သည်းခြေသည်းများရှိသည်။
မြေတူးရာ၌ရှေ့လက်နှင့်တူးသောကြောင့် ရှေ့လက်သည်းများသည် နောက်ခြေသည်းများထက်ရှည်သည်။ ခြတောင်ပို့တစ်ခုကိုတွေ့သည့်အခါ ရှေ့လက်ရှိ သန်မာသောလက်သည်းများနှင့် ပြိုအောင်ဖြိုပြီးလျှင် ခြအုံရှိရာတွင်းထဲသို့ ၎င်း၏ ချွန်နေသောနှာတံကိုထိုးသွင်း၍ စေးကပ်လျက်ရှိသော လျှာရှည်ဖြင့်
လျက်ကာလျက်ကာ ခြများကိုမျိုသွင်းလေသည်။ လမ်းလျှောက်သည့်အခါ သင်းခွေချပ်သည် ခါးကို အနည်းငယ်ကုန်းထားပြီးလျှင် အမြီးကိုထောင်ထား
တတ်သည်။ နောက်ခြေများဖြင့်မတ်တပ်ရပ်၍ အဘက်ဘက်သို့ကြည့်နိုင်
သည်။

သင်းခွေချပ်သည် မြေကြီးပေါ်၌ကျက်စားလေ့ရှိသော်လည်း သစ်ပင်ပေါ်သို့
လည်း အလွယ်တကူတက်နိုင်သည်။ သစ်ပင်ပေါ်၌လည်း ပုရွက်ဆိတ်များ
ကိုလိုက်လံစားသည်။ သစ်ပင်တက်ရာ၌ ဝက်ဝံကဲ့သို့ ရှေ့လက်သည်း
များနှင့်ကုပ်တွယ်၍ ဖက်တက်သည့်အပြင် အမြီးဖြင့်လည်း သစ်ကိုင်းတွင်လိမ်
ထားသေးသည်။

သင်းခွေချပ်၏မျက်စိများသည်ငယ်၍ နားရွက်မှာမရှိသလောက်ဖြစ်သဖြင့်
မြင်မသန်သည့်အပြင် ကောင်းကောင်းလည်း မကြားချေ။ အရှေ့တောင်အာရှ
တိုင်းပြည်များတွင် တွေ့ရသော သင်းခွေချပ်များသည် ညဥ့်အခါမှသာတွင်းမှ
ထွက်၍ သွားလာကျက်စားတတ်သောကြောင့်နေ့တွင်တွေ့ရခဲသည်။

နေ့အချိန်၌ကား မြေတွင်းထဲ၌ဖြစ်စေ၊ ကျောက်တုံး ကျောက်ဆောင်များကြားတွင်ဖြစ်စေ ကွေး၍နေတတ်ကြသည်။ အိပ်သည့်အခါ ခေါင်းကိုလုံးနေအောင်
ကွေးထားသည့် ရှေ့ခြေနှင့်အမြီးကြားတွင်ထား၍အိပ်သည်။ မွေးခါစသင်းခွေချပ်ကလေးများသည်အကြီးမြန်၍ အကြေးခွံကလေးများမှာ ပျော့နေသည်။ ၁၈ လက်မခန့်ရှည်သောသင်းခွေချပ်သားငယ်ကလေးသည် အမိနို့ရည်ကို
စို့ရင်း လေးလအတွင်း အလေးချိန်နှစ်ဆအထိ တိုးလာလေသည်။

မိခင်သင်းခွေချပ်သည် သားကလေးအား အမြီးပေါ်တင်၍ သွားရာသို
့သယ်ဆောင်သွားလေ့ရှိသည်။ သားငယ်ကလည်း မိခင်၏အမြီးတွင် ကန့်လန့်ဖြတ်ထိုင်၍ လက်သည်းများဖြင့် ကုပ်တွယ်ထားသည်။ အကြောင်းတစ်ခုခုကြောင့် ထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့သော် မိခင်သည် လုံးနေအောင်ကွေးလိုက်ပြီးလျှင် သားငယ်ကိုရင်ခွင်တွင်ထား၍ ကာကွယ်စောင့်ရှောက်တတ်သည်။ သင်းခွေချပ်အသားသည် အလွန်ကောင်းသည်ဆိုကာ အချို့လူများကြိုက်နှစ်သက်ကြသည်။

ဧဒင်အချစ်ပုံပြင်

No comments:

Post a Comment