Pages

Wednesday, March 20, 2013

ကျွဲ၊ နွား၊ တိရစ္ဆာန် ခွင့်ပြုကောင်ရေထက် ထုတ်လုပ်နေခြင်းနှင့် ပြည်ပသို့ တိရစ္ဆာန်အရှင်နှင့် အေးခဲအသား များ တရားမ၀င် တင်ပို့မှုများ ရှိနေ

မတ်(၂၀)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ခွင့်ပြုထားသည့် လိုင်စင်စီ ရရှိထားသူများသည် ၎င်းအခွင့်အရေးကို အသုံးချကာ ကျွဲ၊ နွား တိရစ္ဆာန်များကို ခွင့်ပြုကောင်ရေထက် ပိုမိုထုတ်လုပ်နေခြင်းနှင့် ပြည်ပသို့ တိရစ္ဆာန်အရှင်များနှင့် အေးခဲအမဲသားများကို တရားမ၀င မှောင်ခိုသယ်ဆောင် တင်ပို့မှုများ ရှိနေကြောင်း သိရသည်။
"လိုင်စင်စီ လေလံကြေးမြင့်တဲ့အတွက် ကုန်ကြမ်းတိရစ္ဆာန်တွေကို ဈေးနှိမ်ဝယ်ခြင်းတွေနဲ့ ထုတ်ကုန်အသားတွေကို ဈေးမြှင့်ရောင်းချကြတဲ့ လုပ်ရပ်တွေ တွေ့နေရတယ်။ စားသုံးသူတွေ အနေနဲ့လည်း ထုတ်ကုန်အသားတွေကို နှစ်ဆဈေးပေး စားနေရပါတယ်။ လိုင်စင်စီ ရရှိထားသူတွေက ဈေးနှိမ့်ဝယ်လို့ တစ်ပိုင်တစ်နိုင် မွေးမြူသူတွေအတွက် တွက်ခြေမကိုက် ဖြစ်နေရတယ်၊၊ ဒါတွေကြောင့် အသေးစားနဲ့ အလတ်စားမွေးမြူရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးမှုတွေ ဖြစ်စေတယ်" ဟု မွေးမြူရေးနှင့် ရေလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က ပြောသည်။
ထို့ပြင် လိုင်စင်စီအခွင့်အရေးကို အသုံးချပြီး တိရစ္ဆာန်များကို ခွင့်ပြုကောင်ရေထက် ပိုမိုစုဆောင်း သတ်ဖြတ်နေခြင်း၊ တရားမ၀င် သယ်ဆောင်ခြင်း၊ မှောင်ခိုရောင်းဝယ်ခြင်းများအပြင် တရားဝင် သတ်ဖြတ်ခွင့်ပြုထားသော အရွယ်ထက်ငယ်သည့် တိရစ္ဆာန်များကိုပင် သတ်ဖြတ်နေမှုများ ရှိနေကြောင်း ၎င်းကပြောသည်။
"ဈေးမှာ ရောင်းချခွင့်ပြုထားတဲ့ အသားထုတ်လုပ်မှုအပြင် အသားခြောက်တွေနဲ့ အေးခဲအမဲသားတွေကိုလည်း တရားမ၀င် ရောင်းချနေတာတွေ တွေ့ရပါတယ်။ တချို့ကျေးရွာတွေမှာ ဈေးနှုန်းသက်သာစွာနဲ့ ကုန်ကြမ်းရဖို့ အ၀ယ်တော်တွေ လွှတ်တယ်။ ရွာတစ်ရွာမှာဆိုရင် အဆိပ်ကျွေးပြီး သေဆုံးသွားတဲ့ ကျွဲ၊ နွားတွေကို ဈေးနှိမ့်ဝယ်ယူတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်။ လိုင်စင်ကို အကြောင်းပြုပြီးတော့ အဲဒီလိုတွေ လုပ်နေတဲ့အတွက် တိရစ္ဆာန်သယံဇာတ လျော့နည်းလာခြင်းတို့လည်း ဖြစ်နေပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လိုင်စင်စီများအနေဖြင့် သတ်မှတ်စည်းမျဉ်းထက် ကျော်လွန်ကာ သတ်ဖြတ်နေခြင်း၊ တရားမ၀င် သယ်ဆောင်ရောင်းဝယ်မှုများ ရှိနေသည့်အပြင် ကျွဲ၊ နွား၊ တိရစ္ဆာန်များ မကျန်းမာ၍ ရောဂါဖြင့် သေဆုံးသည့် တိရစ္ဆာန်များကိုပါ အသားအဖြစ် ထုတ်လုပ်နေရာ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်၊ လားရှိုး၊ သီပေါ စသည့် နယ်စပ်အနီးရှိမြို့များတွင် တရားမ၀င် အေးခဲအမဲသားများနှင့် တိရစ္ဆာန်အရှင်များကို ဖမ်းဆီးရမိပြီး တရားမ၀င် အေးခဲအမဲသားတန်ချိန် ၁၉၉၃ ဒသမ ၅ တန်နှင့် ကျွဲ၊ နွားကောင်ရေ ၂၉၀၀၃ ကောင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းကလည်း "လက်ရှိမှာ စက်မှုလယ်ယာကို သွားနေတယ်ဆိုပေမယ့် အဆင်ပြေတာ မရှိသေးဘူး။ လယ်သမားတွေက ကျွဲ၊ နွားတွေကိုပဲ အားကိုးပြီး လယ်ယာစိုက်ပျိုးရေး လုပ်နေရတုန်းပဲ ဖြစ်တယ်။ ကျွဲ၊ နွား၊ သယံဇာတကို ထိန်းသိမ်းလုပ်ဆောင်သင့်တယ်" ဟု သုံးသပ်သည်။
eleven

No comments:

Post a Comment