Pages

Wednesday, March 13, 2013

လက်ပံတောင်းဒေသခံများ၊ ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ ရောက်ရှိနေ

မတ်(၁၃)
 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နေရာသို့ သွားရောက်ရန် မုံရွာမြို့သို့ ယနေ့ မတ် ၁၃ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၁၁ နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့ရှိ ၀င်းယူနတီ ဟိုတယ်တွင် ခေတ္တနားခိုမည် ဖြစ်ကာ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် လက်ပံတောင်း ဒေသခံများ၊ ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကာ မတ်လ ၁၄ ရက်နေ့တွင် ၀င်းယူနတီ ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖွယ်ရှိကြောင်း မုံရွာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနေငယ်က ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ မတ် ၁၁ ရက်က ထုတ်ပြန်ပြီး နှစ်ရက်အကြာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ၀မ်ပေါင်ကုမ္ပဏီ တစ်ဝိုက်၌ လုံခြုံရေးအင်းအား တိုးမြှင့်ချထားကြောင်း သိရှိရပြီး လက်ပံတောင်းတောင် အရှေ့ဘက် ညောင်ပင်ကြီး-ဆားလင်းကြီး ကားလမ်းမပေါ် တုံသပိတ်စခန်းတွင်လည်း ဒေသခံ ၂၀၀ ခန့် ရောက်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းဖြတ်သန်းချိန်တွင် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ ကော်မရှင်၏ တွေ့ရှိအကြံပေးချက် များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိသည့် အချက်များ ပါဝင်သော်လည်း ဒေသခံများနှင့် အငြင်းပွားစရာ အချက်များ ပါဝင်နေဆဲဖြစ်ကြောင်း ပညာရှင်အချို့က သုံးသပ်ထားသည်။
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်ခြင်းသည် ယင်းဒေသအကျိုး တစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ် ၁၂ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့အပြင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး၊ တပ်မတော်နှင့် ဆက်ဆံရေးကို အဓိကထား လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ တိုင်းပြည်အနာဂတ်ကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တိုင်းပြည်၏သိက္ခာ နိုင်ငံတိုးတက်မှုအတွက် အင်အားရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတွင်း နယ်မြေတွင် ဖြစ်ပွားခဲ့သော လူမှုဝန်းကျင် ပြဿနာများသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွှေ့နေရာ ချထားမှု အပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ်ရကြောင်း၊ ကြေးနီသတ္တုတွင်း လုပ်ငန်းအဆင့်ဆင့်အား ပွင့်လင်းမြင်သာစေမှု (Transparency)၊ သတ္တုတူးဖော် ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ်တကျ သိရှိနားလည်စေမှုနှင့် အဆိုပါ လုပ်ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာ အရပ်ဒေသအတွက် အကျိုးကျေးဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား၊ အချက်အလက်များ ပြသမှု၊ ထိုက်တန်သော ပေးလျော်မှု၊ အစားထိုး တည်ဆောက်ပေးမှုနှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်း ဘ၀အတွက် ထိရောက်သော စီမံဆောင်ရွက်ပေးမှုများ လိုအပ်သည်ဟု အကြံပြုကြောင်း အပြီးသတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကြေးနီစီမံကိန်း တစ်ခုဖြစ်ပြီး ယင်းသို့ကြီးမားသော လုပ်ငန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိသည် မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးသည်ဟု ကော်မရှင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဤအချက်ကို သုံးသပ်၍ အလေးထား ပြောကြားခဲ့ကြောင်း အပြီးသတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
eleven

No comments:

Post a Comment