Pages

Monday, March 4, 2013

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့မှ မတတ်မနေရ စစ်ပညာသင်တန်းဖွင့်ရန် စီစဉ်နေ

မတ်(၄)

 


ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ ၀မ်လောကျေးရွာတွင် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့မှ မတ်လ (၁) ရက်နေ့တွင် ရွာသူရွာသား(၇၀)ကျော်အား ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးပွဲကို ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာမှ တစ်ရွာလျှင်(၅)ဦးနှုန်း တက်ရောက် ခဲ့ရပြီး SSA(တောင်ပိုင်း)အဖွဲ့မှ ၂၀၁၃ ခုနှစ်အတွင်း စစ်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်ကြောင်းနှင့် ကျေးရွာများမှ အသက်(၁၃)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား၊ အမျိုးသမီးအားလုံး သင်တန်းမပျက်မကွက် တက်ရောက်ရမည် ဖြစ်ကြောင်းနှင့် အရင်က နွားတစ်ကောင်ကို အခွန်ငွေ (၄၀၀၀) ကျပ် ကောက်ယူရာမှ ယခုအခါ (၁၅၀၀၀) ကျပ် ကောက်သွားမည်ဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုးနေသူများ အနေနဲ့ အစိုးရမမြင်နိုင်သော နေရာများတွင်သာ စိုက်ပျိုး သွားကြရန်၊ ရှမ်းလူမျိုးအချင်းချင်း စည်းလုံး ညီညွတ်ကြရန်နှင့် နောက်ပိုင်းတိုက်ပွဲများတွင် လက်နက်ဖြင့် မတိုက်တော့ဘဲ ကလောင်ဖြင့်သာ တိုက်သွား မည်ဟု ပြောကြားခဲ့ကြောင်း ဆိုက်ခေါင်ရွာမှ ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့မှ မိုင်းနောင်မြို့နယ်နှင့် နမ့်ဝမ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်သင်တန်းမတက်ရောက်ရသေးသည့် စာရင်းများ လိုက်လံကောက်ယူနေရကြောင်း သိရပြီး ကျေးရွာများ ရှိ မိသားစုများမှ မြို့ကြီးများပေါ်သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။ ငွေကြေးတတ်နိုင်သူများမှ SSA (တောင်ပိုင်း)အဖွဲ့များနှင့် ညှိနှိုင်းနေပြီး လူအစားထိုးစေလွှတ်ခြင်းများ ဆောင် ရွက်နေကြောင်းနှင့် စစ်ပညာသင်တန်းတက်ပြီးပါက ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အဖွဲ့တွင် တာဝန်ထမ်းဆောင် ရလိမ့် မည် ဟု ဒေသခံများ မှ ပြောပြပါသည်။

No comments:

Post a Comment