Pages

Monday, March 25, 2013

ဒေသအတွင်းကိုယ်ထူကိုယ်ထမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အောင်မြင်မှုရ

မတ်(၂၅)



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်အုပ်စုတွင် ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ဖွဲ့စည်းလှုပ်ရှားပြီး နောက် ပိုင်း ဒေသတွင်း မူးယစ်ဆေးဝါး ၄၀ ရာခိုင်နှုန်းခန့် လျော့ကျ သွားပြီဖြစ်ကြောင်း လူငယ်များက ပြောပါသည်။

“ ကျနော်တို့ အဖွဲ့ရဲ့ ပေါ်လစီအတိုင်း စစ်ဆေးမှုတွေ မရပ်မနားလုပ်တယ်။ နှိမ်နင်းစရာတွေလဲ ဖမ်းဆီး နှိမ်နင်းတယ်။ ဒါကြောင့် ကျနော်တို့ လှုပ်ရှားခဲ့တဲ့ ၃-၄ လအတွင်းမှာဘဲ မူးယစ်ဆေးဝါး ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွား ပါတယ်။ အမှန်ဆိုရင် ထိရောက်မှုက ဒီ့ထက်ပိုသင့်ပါတယ်။  အကြောင်းကတော့ ကျနော်တို့အခက်အခဲက အားနည်းချက် ၂ ခုရှိနေလို့ပါ” ဟု အဖွဲ့ဝင်လူငယ် တဦးကပြောသည်။

အဆိုပါအားနည်းချက် ၂ ခုမှာ မူးယစ်တရားခံအား ခရိုင်တရားရုံးပို့ဆောင်ရန်ငွေကြေး အခက် အခဲရှိခြင်း နှင့် တခြားသို့ဆေးသွားသုံး၍  ပြန်လာသည့် မိမိတို့အုပ်စုမှ ဒေသခံများအားဖမ်းဆီး အရေးယူရန် ခက်ခဲခြင်း တို့ကြောင့်ဖြစ်ကြောင်း ဆိုပါသည်။

“ လက်နက်ကိုင်တပ်ဖွဲ့တွေဆီက ပူပေါင်းမှုရရင်တော့ ကျနော်တို့လုပ်ငန်းက ပိုပြီးတော့ထိရောက် မယ်လို့  မြင်ပါတယ်။ အာဏာပိုင်နဲ့ပူးပေါင်းလုပ်ဆောင်ရင် ကျောက်မဲခရိုင်တရားရုံးအထိသွား လုပ်ရမယ်။ သျှမ်းတပ်ဖွဲ့နဲ့ပူးပေါင်း မယ်ဆိုပြန်တော့လဲ အစိုးရတပ်ကနေ လိုက်လံအနှောင့် အယှက်ပေးနေလို့ သူတို့လဲ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လို့မရဘူး။ တိကျတဲ့ အခြေချစခန်း လဲ သူတို့မှာမရှိဘူးလေ” ဟု ၄င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နမ္မတူမြို့နယ် မိုင်းယင်အုပ်စု၌ ဖါဆွမ်၊ ဝိန်းနန်၊ ဆာလုံနှင့် မိုင်းယင် အုပ်စု တို့မှ ကျေးရွာ ၂၅ ရွာက ရပ်မိရပ်ဖ နှင့်လူငယ် ၅၆ ယောက်က အဆိုပါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အားဖွဲ့စည်းလိုက်သည်။ အဆို ပါကျေးရွာများသည် နမ္မတူမြို့၏ အရှေ့မြောက် ဘက် ၁၅ မိုင် ခန့် ဝေးသောကျေးရွာ များဖြစ်သည်။

အဖွဲ့အစည်း၏စည်းကမ်းချက်အရ မူးယစ်ဆေးဝါးလက်ဝယ်ရှိသူ၊ ရောင်းဝယ်ဖေါက်ကား သူများ အား ဖမ်းဆီးရမိပါက - ပထမ အကြိမ် ဗြုန်းသဲ ၅ ကျင်း(တကျင်းလျှင် အလျား/အနံ ၁၀ ပေ အမြင့် ၁ ပေ) ဖြင့် လမ်းခြင်းရမည်၊ ဒုတိယ အကြိမ် ဗြုန်းသဲ ၁၅ ကျင်းဖြင့် လမ်းခင်းရမည်၊ တတိယ အကြိမ်တွင်မူ အိမ်ခြံ နှင့် ပိုင်ဆိုင်မှုပစ္စည်းများအား ရပ်ရွာဘုံပိုင်အဖြစ် သိမ်းယူ၍ ရွာမှ တစ်မိသားစုလုံးမောင်းထုတ်မည် ဟု သျှမ်းသံတော်ဆင့်အားပြောပြဖူးပါသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment