Pages

Thursday, March 28, 2013

RCSS/SSA ရဲ့ ဥပဒေမဲ့ တရားမ၀င် လုပ်ရပ်အား ရပ်တန်းက ရပ်သင့်ပါပြီ

မတ်(၂၈)



ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်(RCSS/SSA)က ရှမ်းပြည်သဘာဝ အရင်း အမြစ်များနှင့် သယံဇာတများအား ထိန်းသိမ်းကာကွယ်သွားမည့် ကြေငြာချက်သုံးချက်ကို မတ် (၂၁)ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါကြေငြာချက်တွင် လာမည့်၂၀၁၄ ဇန်န၀ါရီ(၃၁)ရက်နေ့ နောက်ဆုံးထားကာ လုပ်ကိုင်ခွင့်ပေး ထား မည်ဟု ပါရှိကြောင်း သိရှိရသည်။ ထို့နောက်ပိုင်း၌ နေပြည်တော်အစိုးရထံ ခွင့်ပြုချက်ရခဲ့ ပြီးဖြစ်သော်လည်း ရှမ်းပြည်တပ်မတော်ထံ ခွင့်ပြုချက်မရယူပါက လုပ်ကိုင်ခွင့်ပြုမည်မဟုတ်သကဲ့သို့ လုံခြုံရေးအတွက်လည်း တာဝန်ယူမည်မဟုတ်ကြောင်း ပါရှိသည်ဟု သိရ၏။

RCSS/SSA အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ သစ်၊ တွင်းထွက်နှင့် အခြားသော သယံဇာတများအား ရှမ်း ပြည်လူထုအကျိုးခံစားခွင့်ရရှိသကဲ့သို့ ထိန်းသိမ်းကာကွယ်ရန်လည်း တာဝန်ရှိသည်။ ထို့ကြောင့် လူထုနှင့် လက်တွဲပြီး RCSS/SSA က ရှမ်းပြည်သဘာဝအရင်းအမြစ်များနှင့် သယံဇာတများအား ထိန်းသိမ်းကာကွယ် သွားမည်ဟု အသံကောင်း ဟစ်ပြလိုက်ပုံက တကယ့်သူတော်ကောင်းကြီး တစ်ယောက်အဖြစ် ရှမ်းတိုင်း ရင်းသားများ၏ ထောက်ခံမှုအပြည့်အ၀ရရှိသွားနိုင်လောက်သည်။

သို့သော် RCSS/SSA သည် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ထားသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မဟုတ်ပါ။ ယခင်က လက်နက်ကိုင် အဖွဲ့အစည်း အဖြစ် ရှမ်းပြည်နယ်တစ်ခုလုံးအား လူသစ်စု၊ ဆက်ကြေးကောက်ပြီး အာဏာသုံးအုပ်ချုပ်ခဲ့သော မူဝါဒလမ်းစဉ်များမှာ ယနေ့အချိန်ကာလတွင် အသုံးမ၀င်တော့မှန်း RSSS/SSA သိသင့်ပါပြီ သိလည်းသိပြီး လောက်ပါပြီ။

ရှမ်းပြည်နယ်မှထွက်သော သစ်၊ တွင်းထွက်နှင့် အခြားသော သယံဇာတများအား တူးဖော်ခွင့်၊ ထုတ်လုပ်ခွင့်ကို ရှမ်းပြည်နယ်အစိုးရထံသို့ တရားဝင်လျှောက်လွှာတင်ပြီး ကုမ္ပဏီ၊ ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်ခွင့်ရှိသည်။ RCSS/SSA နှင့် မသက်ဆိုင်တော့ပါ။ RCSS/SSA ၏ ကြေငြာချက် သည် ခေတ်ကာလနှင့် အကျုံးမ၀င်တော့ သော ဥပဒေမဲ့ ကြေငြာချက်ဖြစ်သလို ငြိမ်းချမ်းရေး သဘော တူညီ မှု ကိုလည်း ဖောက်ဖျက်သလို ဖြစ်နေပါသည်။

RCSS/SSA အဖွဲ့၏ ဥက္ကဋ္ဌ ဦးစ၀်ယွက်ဆစ် သိစေချင်ပါသည်။ နိုင်ငံတော်အစိုးရနှင့် လက်ချင်းနှုတ် ဆက် ငြိမ်းချမ်းရေးစကားများပြောခဲ့ပြီးပေမယ့် အပြောနဲ့အလုပ်မညီသလို ဖြစ်နေပါသည်။ ခေါင်းဆောင်
အနေနဲ့ လက်အောက်ငယ်သားများကို နိုင်နင်းအောင် ကိုင်တွယ်အုပ်ချုပ်နိုင်ရန် လိုအပ်ပါသည်။ ယခုကြေငြာချက်ကို ဦးစ၀်ယွက်စစ် ကိုယ်တိုင်သိပါသလား။ မသိချင်ဟန်ဆောင်နေတာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေ ပါသည်။

ထို့ကြောင့်ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ရည်ရွယ်ထားပြီးပြီဆိုပါက RCSS/SSA ရဲ့ ဥပဒေမဲ့ တရား မ၀င်လုပ်ရပ်များကို ရပ်တန်းကရပ်ဖို့ ဦးစ၀်ယွက်ဆစ်ကို အသိပေးလိုက်ပါသည်။

No comments:

Post a Comment