Pages

Tuesday, April 23, 2013

ကနေဒါတွင် ရထားတစ်စင်းအား ဖောက်ခွဲမည့် အကြမ်းဖက်သမားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့

ဧပြီ(၂၃)

ရထားတစ်စင်းကို ဦးတည် ပစ်မှတ်ထားနေသည့် အကြမ်းဖက် အဖွဲ့ဝင် နှစ်ဦးသည် အယ်လ်ကေးဒါးတို့၏ ထောက်ပံ့မှုကို ရရှိထားကြောင်း ကနေဒါ ရဲတပ်ဖွဲ့က ဆိုသည်။

အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူ နှစ်ဦးကို ကနေဒါ နိုင်ငံ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖောက်ခွဲမှု မပြုလုပ်မီ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ရထားတစ်စင်းကို ဦးတည် ပစ်မှတ်ထားနေသည့် အကြမ်းဖက် အဖွဲ့ဝင် နှစ်ဦးသည် အယ်လ်ကေးဒါးတို့၏ ထောက်ပံ့မှုကို ရရှိထားကြောင်း ကနေဒါ ရဲတပ်ဖွဲ့က ဆိုသည်။ ၎င်းတို့သည် တိုရန်တိုရှိ ခရီးသည်တင် ရထားတစ်စင်းကို လမ်းကြောင်းချော် တိမ်းမှောက်စေမည့် ဖောက်ခွဲမှု လုပ်ငန်းတစ်ရပ် ပြုလုပ်ရန် စီစဉ်ထားကြောင်း ရဲများက ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် အယ်လ်ကေးဒါးနှင့် ဆက်နွယ်သည့် သင်တန်းဆရာများ လက်အောက်တွင် အီရန်၌ ဖောက်ခွဲရေးနှင့် အကြမ်းဖက် နည်းစနစ်များကို သင်ယူတတ်မြောက်ထားခဲ့သည်။ ရဲများသည် (၈)လကြာ စုံစမ်းမှုများ ပြုလုပ်ခဲ့သလို အမေရိကန် ထောက်လှမ်းရေးဌာန FBI၏ အကူအညီကိုပါ ရယူကာ Operation Smoothကို ဆင်နွှဲပြီး အသက်(၃၀)အရွယ် ချီဟက်ဘ် အက်ဆန်ဂိုင်ဟာနှင့် အသက်(၃၅)နှစ်အရွယ် ရိဒ်ဂျာဆာတို့အား ဖမ်းဆီးနိုင်ခဲ့သည်။ အက်ဆန်ဂိုင်ဟာသည် မွန်ထရယ်လ်တွင် နေထိုင်ပြီး ဂျာဆာမှာ တိုရန်တိုတွင် နေထိုင်သူ ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် ကနေဒါ နိုင်ငံသားများ မဟုတ်သော်လည်း မည်သည့်နိုင်ငံသား ဖြစ်သည်ကို တိတိကျကျ ပြောဆိုရန် ရဲများက ငြင်းဆိုခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူများသည် တိုရန်တို ဧရိယာ အနီးတဝိုက် ရထားသွားလာမှု စနစ်များကို စောင့်ကြည့်နေပြီး ခရီးသည်တင် ရထားတစ်စင်းကို ဖျက်ဆီးကာ ထိခိုက်သေကျေ ဒဏ်ရာရစေမည့် အဖျက်လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့ကြောင် သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment