Pages

Tuesday, April 2, 2013

အောင်မင်္ဂလာဝင်းအတွင်း၌ သင်္ကြန်တွင်း ကားအစီးရေလျှော့ချပြေးဆွဲမည်

ဧပြီ(၂)


သင်္ကြန်ကာလအတွင်း အောင်မင်္ဂလာအဝေးပြေးမှ ခရီးသည်တင်ယာဉ်ပြေး
ဆွဲမှုနည်းပါးခြင်း၊ ပြေးဆွဲသည့်ကားများမှာလည်း ကားခနှုန်းထားမြင့်မားနေ
ခြင်းကြောင့် ခရီးသည်များအနေဖြင့်အခက်အခဲများကြုံတွေ့နေကြရကြောင်း သိရှိရသည်။ 

"ရုံးတွေက ၁၂ ရက်နေ့မှ စပိတ်ကြတာဆိုတော့ ၁၁ ရက်နေ့ ညပိုင်းမှ သွားကြ
လာ ကြတာလေ။ လက်မှတ်ကြို မှာလို့တော့ မရကြတော့ဘူးတဲ့ အပြင်
မှာကြတော့ ၁ သောင်းတန်တဲ့ ခရီးကို ၁ သောင်း ၅ ထောင်လောက်နဲ့
ရောင်းနေကြတာတွေက ဘယ်ကလက်မှတ်တွေလဲမသိဘူး"ဟု
အောင်မင်္ဂလာအဝေးပြေးသို့ မတ်လ ၃၁ ရက်နေ့၌ မော်လမြိုင်ပြန်ရန် လက်မှတ်စုံစမ်းသူ မအေးမိက ပြောသည်။ 

နှစ်သစ်ကူးရုံး ပိတ်ရက်နေဖြင့် ဧပြီ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့ဖြစ်ပြီး လက်ရှိ၌ကြိုတင်လက်မှတ်မှာယူမှုများနေ ကြောင့် ခရီးသည်တင်ယာဉ်လိုင်း
များမှာ ဧပြီလ ၅ ရက်နေ့အထိ လက်မှတ်လက်ကျန်မရှိတော့ကြောင်း လက်မှတ်အရောင်းဌာနအချို့က စုံစမ်းသိရှိရသည်။ 

"ကျွန်တော်သွားခဲ့တဲ့ ကားဂိတ်ကပဲ လက်မှတ်မရှိတော့ဘူး ပြောလိုက်တာ။ အပြင်က လူလိုက်ပို့တော့ လက်မှတ်ကရခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်တော့ မသွားဘူးပေါ့။ ကျွန်တော့် သားကို လွှတ်လိုက်တာ။ ဘာလို့လဲ၊ ဘယ်လို
လုပ်လဲတော့ မသိဘူး လက်မှတ်ရခဲ့တယ်"ဟု ရန်ကုန်မှ မကွေးသို့ ပြန်ရန် လက်မှတ်လာ ၀ယ်သူ ဦးမုတ်ဆိတ်က ပြောသည်။ 

အဆိုပါကာလအတွင်း လက်မှတ်ဈေးနှုန်းတိုးမြှင့်ရောင်းချပါက မထသ အဝေးပြေးရုံးသို့ သွားရောက် တိုင်ကြား နိုင်ပြီး တိုင်ကြားမှုပေါ်တည်၍
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

"ကျွန်တော်တို့က အရေးယူလို့တော့ မရပါဘူး။ ဆောင်ရွက်ပေးလို့ပဲ ရတယ်။ ကားလိုင်းတွေက လည်း သင်္ကြန် ကာလအတွင်းမှာဆိုတော့ သူတို့ အန္တရယ်သူတို့ ရှောင်တဲ့သဘောပါ။ ပြေးဆွဲပေးတဲ့ လိုင်းတွေကိုလည်း လက်မှတ်ဈေးနှုန်းမတက်ဖို့ မှာထားပါတယ်။"ဟု မထသ အဝေးပြေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် အောင်မင်္ဂလာအဝေးပြေးမှ ခရီးသည်တင်ယာဉ် ၂၂၇ စီး
ပြေးဆွဲလျက်ရှိပြီး ခရီးသည်တင်ယာဉ် လိုင်းများစုမှာ(၈)ရက်နေ့ အထိသာ
ပြေးဆွဲကြမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ခရီးသည်တင်ယာဉ် (၁၂)စီးသာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါ ကားဝင်းအတွင်းက စုံစမ်းသိရှိရသည်။

Myit Makha Mediagroup

No comments:

Post a Comment