Pages

Sunday, April 14, 2013

သင်္ကြန်အကျနေ့ ပုသိမ်ကားမှောက်မှုကြောင့် ၁၈ ဦး ဒဏ်ရာရ


ဧပြီ(၁၄)



ယနေ့ သင်္ကြန်အကျနေ့မှာ ပုသိမ်ကနေ ချောင်းသာကိုသွားတဲ့လမ်းမှာ ကားတစီး ချောက်ထဲထိုးကျခဲ့ရာ ၁၈ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရပါတယ်။

ပုသိမ်ကနေ ချောင်းသာကမ်းခြေကို အပန်းဖြေခရီး သွားရောက်ကြတဲ့ ရေ၀တီငါးပုစွန်လုပ်ငန်းက အလုပ်သမားတွေနဲ့ “စု”လက်ဖက်ရည်ဆိုင်က အလုပ်သမားတွေ တင်ဆောင်လာတဲ့ Light Truck ကား ဖြစ်ပါတယ်။
ယနေ့ နေ့လယ်၂ နာရီဝန်းကျင် ချောင်းသာမရောက်မီ ၈ မိုင်လောက်အလို ဆိပ်ကြီးရွာအနီးမှာ ဖြစ်ခဲ့တာပါ။

“ကုန်းအဆင်းမှာ ကားက ညာဘက်ကို ကွေ့ရမှာကို ဘရိတ်ပေါက်သွားတော့ အရှိန် မထိန်းနိုင်တော့ဘဲ ပေ ၁၅၀ လောက်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားတာ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မသေသင့်တဲ့လူတွေ မသေရအောင် အမြန်ဆုံး ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်” လို့ ချောင်းသာရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ထွန်းက ဧရာဝတီကို ပြောပါတယ်။

ဒဏ်ရာရတဲ့ထဲမှာ ၄ ဦးက ဒဏ်ရာပြင်းထန်တယ်၊ အဲဒီထဲက တဦးကိုတော့ ရန်ကုန်ဆေးရုံကြီး ပို့ရမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
ချောင်းသာအခြေစိုက် ပါရမီနာရေးကူညီမှုအသင်းက လူနာတင်ယာဉ်တွေနဲ့ ဆေးရုံကို အမြန်ဆုံးရောက်ရှိအောင် ကူညီပို့ဆောင်ပေးခဲ့သလို ပုသိမ်က ဧရာဝတီဖောင်ဒေးရှင်းကလည်း လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ ငွေကြေးတွေ ကူညီထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဆလိုင်းသန့်စင် 

ဧရာဝတီ Blog

No comments:

Post a Comment