Pages

Monday, April 22, 2013

သမီးရည်းစားစုံတွဲ စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖမ်းမိ

ဧပြီ(၂၂)
မန္တလေးကန်တော်ကြီးသဘာဝဥယျာဉ်ရှေ့ တွင် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်ည ၉ နာရီ ကျော်ခန့် က သမီးရည်းစားစုံတွဲ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ယင်းတရားခံကို ဧပြီလ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 



အဆိုပါသမီးရည်းစားစုံတွဲတွင် သေဆုံးသူအမျိုးသမီးမှာ ချမ်းမြသာစည်မြို့နယ် တွင်နေထိုင်သူဖြစ်ပြီး တရားခံမှာ မဟာအောင်မြေမြို့နယ်မှ ဖြစ်ကာ နှစ်ဦင်္း စလုံးမှာ အသက် ၂၀ကျော်ဝန်းကျင်သာ ရှိသေးကြောင်း၊ သမီးရည်းစား စုံတွဲသဘာဝအလျောက် ချိန်းတွေ့ရာမှ စကားများရန်ဖြစ်ပြီး အမျိုးသားမှ ၎င်း၏ အဖော်ကို ဖိနပ်ချုပ်ရာတွင် အသုံးပြုသည့် အရှည်တမိုက်ခန့် ရှိသည့် ဓါးဖြင့် လက်မောင်းနှင့်မေးစေ့ ကို မွှန်းခဲ့ပြီး နောက်ကျောနှင့် လည်ပင်းနေရာသို့ အဆိုပါဓါးဖြင့် နေရာတွင်ပင်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ်၁၀ ရဲစခန်း နယ်ထိန်း ဒုရဲအုပ် စိုးသိန်းက ဧရာဝတီသို့ပြောသည်။ 

“ အခင်းဖြစ်တဲ့နေရာနားက နည်းနည်းမှောင်တယ်၊ လာတဲ့စုံတွဲတွေကို လုံခြုံရေးအရ မသွားမလာဖို့ ရှင်းပေ မဲ့ ရဲကို တောင်ပြန်ခံပြောတာတွေရှိတော့ လုပ်ရကိုင်ရတာတွေ ခက်တာရှိတယ်။ဒီအမှုကတော့ လက် ရှိနှစ်ပိုင်းမှာ ပထမဆုံးပဲ။ တရားခံကလည်း သူသတ်တယ်ဆိုတာ ဝန်ခံထားပြီးပြီ။”ဟု ဒုရဲအုပ် စိုးသိန်း က ပြောသည်။ 

လက်ရှိတွင် တရားခံကို လူသတ်မှုပုဒ်မ ၃၀၂၊ ပနံပါတ် ၁၁၈ ဖြင့် အမှတ်၁၀ ရဲစခန်းက အမှုဖွင့်ထားပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။ 

အခင်းဖြစ်ပွားသည့်နေရာ ပတ်ဝန်းကျင်သည် လူနေ ရပ်ကွက်များနှင့် နီးသော်လည်း ညကိုးနာရီခန့်မှ စတင်ကာ လူပြတ် သွားတတ်ကြောင်း၊ ယင်းနေရာသို့ စုံတွဲများ၊ လူငယ်အုပ်စုများနှင့် မသမာသူအချို့က အများဆုံး လှုပ်ရှားသွားလာမှုများ ပြုလုပ်လေ့ရှိကြောင်း ချမ်းမြသာစည်မြို့နယ်နေ ကိုလှိုင်ထက်ကျော်က ဆိုသည်။ 

“ ဖြတ်သွားဖြတ်လာတွေရှိပေမဲ့ စုံတွဲတွေ ရန်ဖြစ်တာ မြင်လည်း ကိုယ်နဲ့မဆိုင်တော့ ဝင်ပါလေ့မရှိတာ များတယ်၊ အဲ့ဘက်က သာမန်လက်လုပ်လက်စား ရပ်ကွက်ဖြစ်တော့ လူတွေအလုပ်သိမ်းချိန်ကျော်ရင် လူမရှိသလောက်ပြတ်တယ်။” ဟု ၎င်းကပြောပြသည်။ 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က လူသတ်မှု ၇၈၉ မှုသာရှိခဲ့သော်လည်း ၂၀၁၂ခုနှစ်တွင် ၁၃၁၂မှုဖြစ်ပွားခဲ့ပြီး အမှုကြီး ၁၀မျိုး ဖြစ်သည့် လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှုစသည့် အမှုအခင်းဖြစ်ပွားမှုမှာ ၂၀၀၈ ခုနှစ်တွင် အမှုပေါင်း ၁၄၈၄မှု ရှိခဲ့ပြီး ၂၀၁၂ နှစ်တွင်မှု ၂၃၁၈မှုထိ မှုခင်းဖြစ်ပွားမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည့် စာရင်းအရသိရသည်။
The Irrawaddy's Blog

No comments:

Post a Comment