Pages

Monday, April 22, 2013

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှု သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးနေ၍ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချ

ဧပြီ(၂၂)


4.21.2
တွင်းတူးစင်နှင့် ပလက်ဖောင်းများ ပြုပြင်ခဲ့ရသည့် ရတနာစီမံကိန်းကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ အဓိကရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း တစ်ခုဖြစ်သော ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှုမှာ သတ်မှတ်ရက်ထက် တစ်ရက်ကြိုတင်ပြီးစီး၍ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ဧပြီလ ၁၂ ရက်မှ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချနေကြောင်း ထိုင်းအခြေစိုက် www. pattaya mail.com ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်း PTT ၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Pailin Chuchottaworn က “မြန်မာရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုက သတ်မှတ်ရက်ထက် တစ်ရက်စောပြီး ဧပြီလ ၁၂ ရက်နေ့ ကတည်းက ပြန်လည်တင်ပို့ ပေးနေပါပြီ။ အခုလက်ရှိမှာ ထိုင်းနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ စက်ရုံများနဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား စက်ရုံတွေက မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေကို အရင်လိုပဲ ပြန်လည်ရယူနေပါပြီ။ PTT အနေနဲ့က မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု အခြေအနေ ပုံမှန်အတိုင်း ရောက်ရှိတဲ့အထိ ဆက်လက်စောင့်ကြည့် သွားမှာပါ” ဟု ပြောသည်။
အဆိုပါ ရတနာ သဘာဝဓာတ်ငွေ့သိုက်၏ ထုတ်လုပ်မှု သက်တမ်းမှာ ၁၅ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၅၁ ရာခိုင်နှုန်း ထုတ်ယူပြီးလည်း ဖြစ်သည်။ အဆိုပါ သဘာဝဓာတ်ငွေ့သိုက် ခိုအောင်းရာ ထုံးကျောက်လွှာများနှင့် ဆက်စပ်နေသည့် အပေါ်မြေလွှာများ နိမ့်ကျလာကြောင်းနှင့် ထိုသို့ နိမ့်ကျမှုကြောင့် တွင်းတူးစင်နှင့် ပလက်ဖောင်းများ နိမ့်ဆင်းမှုကြောင့် ယခုလို ပြန်လည်ပြုပြင်ရခြင်း ဖြစ်ကြောင်း သိရသည်။
ရတနာ စီမံကိန်း ပြုပြင်မှုကာလအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများသို့ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆၅ သန်းခန့် လျော့နည်းခဲ့ပြီး နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံများ၊ စက်မှုဇုန်များ၊ အကြီးစား စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ရပ်တန့်ခဲ့ရသည်။
ရတနာစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ၁၉၉၈ ခုနှစ် ကတည်းက ၃၆ လက်မ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချခဲ့ပြီး လာမည့် ၂၀၂၈ ခုနှစ်အထိ ရောင်းချနိုင်ရန် စာချုပ်ချုပ်ဆို ထားခဲ့သည်။
eleven

No comments:

Post a Comment