Pages

Thursday, April 11, 2013

လေယာဉ်ဆီ တင်ဆောင်လာသော ဘောက်ဆာယာဉ် တိမ်းမှောက်

ဧပြီ(၁၁)

fuel-boxer







ပဲခူး တိုင်းဒေသကြီး၊ တောင်ငူ ခရိုင်၊ အုတ်တွင်း မြို့နယ် ခပေါင်း တံတား အဝင် ချဉ်းကပ်လမ်းပေါ်၌ ဧပြီလ ၁၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က လေယာဉ်ဆီ ဂါလန် ၇၀၀၀ ကျော် တင်ဆောင်လာသော ဆီသယ် ဘောက်ဆာယာဉ် တစ်စီး တိမ်းမှောက်ခဲ့ကြောင်း တောင်ငူ ခရိုင် ရဲတပ်ဖွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
ယာဉ်မောင်း ဦးသွင်မောင်မောင်စိုး မောင်းနှင်လာသော Asia World ကုမ္ပဏီပိုင် ယာဉ်အမှတ် ၆ဂ/၇၈၄၅၊ DF နစ်ဆန်း ဒီဇယ်၂၆ ဘီး မော်တော်ယာဉ်သည် ရန်ကုန်မြို့မှ နေပြည်တော် ဧလာ လေဆိပ်သို့ လေယာဉ်ဆီ ဂါလန် ၇၂၀၀ တင်ဆောင် မောင်းနှင်လာစဉ် ခပေါင်း တံတား အဝင် ချဉ်းကပ်လမ်းပေါ်၌ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို တိမ်းရှောင်ရာမှ အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု အုတ်တွင်းမြို့နယ် ရဲစခန်းသို့ ကနဦး တိုင်တန်းချက်များအရ သိရှိရသည်။
ယာဉ်တိမ်းမှောက်သည့် နေရာနှင့် အနီး တစ်ဝိုက်တွင် လေယာဉ်ဆီများ ယိုဖိတ်နေသဖြင့် တောင်ငူခရိုင် မီးသတ် တပ်ဖွဲ့ စခန်းနှင့် အုတ်တွင်းမြို့နယ် မီးသတ် တပ်ဖွဲ့ စခန်းမှ မီးသတ်ယာဉ်များက ရေပက်ဖျန်း ခြင်းများ အချိန်နှင့် တစ်ပြေးညီ ကာကွယ်မှု ပြုလုပ်ခဲ့ကြောင်း တောင်ငူခရိုင် မီးသတ် ဦးစီးမှူး ဦးထင်အောင်လင်းက ပြောကြားသည်။
"ဆီသယ်ကား မှောက်တာ အရမ်း အန္တရာယ်ကြီးတယ်။ မီးလောင်ခဲ့ရင် အနီးက ရပ်ကွက်၊ ကျေးရွာတွေ ကုန်သွားနိုင်တယ်" ဟု ဆီဘောက်ဆာယာဉ် တိမ်းမှောက်ရာ နေရာတွင် ရောက်ရှိခဲ့သည့် တောင်ငူ ခရိုင် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းကြည်က ဆိုသည်။
"ကားက ခပေါင်း တံတားပေါ်ကို တက်လာချိန်မှာ ထန်းတပင်-တောင်ငူ လမ်းဘက်ကလာတဲ့ ဆိုင်ကယ်ကို အရှောင်မှာ အရှိန် မထိန်းနိုင်ဘဲ ဆီဘောက်ဆာ နောက်တွဲက ကန့်လန့် ဖြစ်ပြီး မှောက်သွားတာ" ဟု မျက်မြင် တွေ့ရှိခဲ့ရသူ ခပေါင်း တံတား လုံခြုံရေးဂိတ်တွင် တာဝန်ကျ ရဲတပ်သား နိုင်ဝင်းဌေးက ရှင်းပြသည်။
ယာဉ်မောင်းနှင်သူကို အုတ်တွင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ - ၆/၂၀၁၃၊ ပုဒ်မ ၃၃၇/၄၂၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အုတ်တွင်း မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
  The Voice Journal 

No comments:

Post a Comment