Pages

Tuesday, April 23, 2013

၁၅၀၀ CDMA ဖုန်း တောင်ကြီး မြို့တော်ခန်းမတွင် မဲနှိုက်ဖောက်ပေး

ဧပြီ(၂၃)
တောင်ကြီးမြို့တွင် တန်ဖိုးနည်း CDMA 800 ဖုန်းများအား လျှောက်ထားသူများအတွက် မဲနှိုက် ချထားပေးသည့် အခမ်းအနားကို တောင်ကြီးမြို့တော်ခန်းမတွင် ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ တွင်ကျင်းပသည်။

တောင်ကြီးမြို့ပေါ်ရှိ (၂၂) ရပ်ကွက်မှ ဖုန်းလျှောက်ထားသူ ဦးရေစုစုပေါင်း လျှောက်လွှာ ၄၇၀၀ ရှိကြောင်း၊ မူလ ပထမက ဆက်သွယ်ရေးက ပေးနိုင်သည့် လိုင်းဖုန်းကဒ် အရေအတွက် ၃၃၃၀ သတ်မှတ်ထားသော်လည်း လိုင်းကျပ်တည်းမှု အခက်အခဲ၊ လိုင်းမလုံလောက်မှုကြောင့် ယခုလတွင် ပထမအသုတ် အနေဖြင့် ဖုန်းကဒ် စုစုပေါင်း ၂၅၅၀သာ ပေးအပ်နိုင်မည် ဖြစ်ကြောင်း မြို့နယ်တန်ဖိုးနည်း ဖုန်းရောင်းချပေးရေး ကော်မတီက ပြောကြားချက်အရ သိရသည်။

မဲပေါက်သူများသည် မှတ်ပုံတင်မူရင်း၊ ဓါတ်ပုံ (၂) ပုံနှင့် ငွေကျပ် ၁၅၀၀ ဖြင့် ဖုန်းကဒ်လာရောက် ထုတ်ယူနိုင်ကြောင်း ကော်မတီမှ ရှင်းလင်းပြောဆိုခဲ့သည်။

မဲဖောက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန် မဲပုံး ၅ ပုံးအား မဲတပုံးလျှင် သံဃာတပါး၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး နှင့် တက်ရောက်လာသည့် ပြည်သူတဦး၊ ဌာနဆိုင်ရာတဦး ပေါင်းငါးဦးမှ ကြည့်ရှုစေပြီး ပေါက်မဲနံပါတ်အားကြေငြာ ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မဲပုံး ၅ ပုံးမှ မဲလိပ်များအား တပုံးစီ စနစ်တကျ ပွင့်လင်းမြင်သာစွာ မဲနှိုက်ပေးပြီး မဲပေါက်သူများ၏ အမည်နှင့် နံပါတ်တို့အား ကြေငြာပေးသည်။

အိမ်ထောင်စု တခုတည်းမှ တခုထက်ပိုသည့် လျှောက်လွှာများအား ပယ်မဲအဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း မြို့နယ် တန်ဖိုးနည်း ဖုန်းရောင်းချရေး ကော်မတီက ပြောဆိုသည်။

တန်ဖိုးနည်းဖုန်း လာရောက်လျှောက်ထားသူများမှာ လူဦးရေ ထောင်ကျော်ရှိသဖြင့် ရဲလုံခြုံရေးများဖြင့် ကူညီ ထိန်းသိမ်း ပေးလျက် ရှိကြောင်းသိရသည်။

Mizzima
၁၅၀၀ CDMA ဖုန်း တောင်ကြီး မြို့တော်ခန်းမတွင် မဲနှိုက်ဖောက်ပေး 

အေပြီ ၂၃ ရက် ၂၀၁၃ 

No comments:

Post a Comment