Pages

Saturday, April 13, 2013

SSA(ယွက်စစ်)အဖွဲ့မှ ပင်လုံမြို့နယ်အတွင်း၌ ဘိန်းခွန်ငွေများကောက်ခံ


ဧပြီ(၁၃)

ရှမ်းပြည်နယ်အရှေ့ပိုင်း ပင်လုံမြို့နယ်တွငသ် ယမန်နေ့က SSA(ယွက်စစ်)အဖွဲ့တစ်ဖွဲ့မှ ဘိန်းခွန်ငွေများ လာရောက် ကောက်ခံသွားကြောင်း သိရှိရသည်။
ပင်လုံမြို့နယ်အတွင်းရှိ ကျေးရွာများသည် မိုးရာသီကာလက ဘိန်းခင်းများ စိုက်ပျိုးကြသလို ယခုကာလတွင်လည်း ရေသွင်းစိုက်ပျိုးထားသော ဘိန်းခြံများရှိကြောင်း၊ ရေသွင်းစိုက်ပျိုးထားသော ဘိန်းခြံများမှာ ယခုအချိန်တွင် ဘိန်းပင်အရွယ် အစား(၂)ပေခန့်ရှိနေပြီဖြစ်၍ မကြာမီ ဘိန်းစေးများ ထုတ်ယူရတော့မည်ဖြစ်ပြီး SSA(ယွက်စစ်)အဖွဲ့မှ တစ်အိမ်ထောင် လျှင်(၂)သိန်းနှုန်းဖြင့် ဘိန်းခွန်ငွေများ လာကောက်ခြင်းဖြစ်သည်ဟု မြို့ခံဝန်ထမ်းတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။
“ဒီပင်လုံမြို့နယ်ထဲမှာ ကျေးရွာအုပ်စုတိုင်းနီးပါး ဘိန်းစိုက်ကြတယ်။ မိုးသီးနဲ့ ဆောင်းသီးနှစ်မျိုးစိုက်ကြတာပေါ့။ အခုရာသီ ကတော့ ဆောင်းသီးပေါ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေလည်း ပညာပေးဟောပြောပွဲတွေလုပ်ပြီး ဘိန်းဖျက်ဆီးရေးတွေ ဆက်တိုက်လုပ်ခဲ့ကြာတာပဲ။ ဒါပေမဲ့ဘိန်းစိုက်တဲ့ဓလေ့က မပျောက်ဘူးဗျ။ ရွာသားတွေကို မေးကြည့်တော့ SSA(ယွက်စစ်) အဖွဲ့ကို နှစ်စဉ်ကြေးပေးရတဲ့အတွက် ဘိန်းစိုက်စားမှ အဆင်ပြေမှာပေါ့လို့ ဖြေတယ်။ ငွေများများရတဲ့ အလုပ်ကိုပဲ လုပ်ချင် ကြတော့တာ။ မြို့နဲ့နီးတဲ့ရွာတွေကတော့ မစိုက်ကြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မကြာခဏ အဖျက်ခံနေရတော့ အရင်းရှုံးတယ်လေ။ မြို့နဲ့အလှမ်းဝေးပြီး မအေးချမ်းသေးတဲ့ ရွာတွေကတော့ နှစ်တိုင်းစိုက်နေကြတာဘဲ။ SSA (ယွက်စစ်) အဖွဲ့တွေက အဲဒီရွာတွေမှာဘဲသွားလာနေကြတော့ ဌာနဆိုင်ရာတွေသွားဖျက်လို့လည်း မလွယ်ဘူးအန္တရာယ်ရှိတာပေါ့။ SSA(ယွက်စစ်)အနေနဲ့ အစိုးရအဖွဲ့နဲ့ငြိမ်းချမ်းရေးယူထားတယ်ဆိုပေမယ့် အခုလို ဘိန်းစိုက်တောင်သူတွေဆီက ဘိန်းခွန် ငွေတွေကောက်ပြီး ကာကွယ်ပေးနေတဲ့ သဘောကတော့ ကြာရင်တိုင်းရင်းသားတွေပဲ နစ်နာမှာပေါ့” ဟု မြို့ခံ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ပြောပြသွားသည်။
SSA(ယွက်စစ်)အဖွဲ့သည် ပင်လုံမြို့နယ်အပါအ၀င် လွယ်လင်၊ မိုင်းပွန်၊ လဲချား၊ မိုင်းကိုင်၊ နမ့်စန်၊ ခိုလန် စသည့် မြို့နယ်များတွင် ဘိန်းစိုက်တောင်သူများထံမှ နှစ်စဉ်အခွန်ငွေများကောက်ခံလျက်ရှိသည်ဟု သိရှိရသည်။ SSA(ယွက်စစ်) အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးထားပြီး ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးကတောင် တားဆီးနှိမ်နင်းနေသော မူးယစ်ဆေးဝါးပပျောက်ရေးကို အစိုးရအဖွဲ့နှင့် ပူးပေါင်းမဆောင်ရွက်ဘဲ ဘိန်းခင်းများဆီမှ တရားမ၀င် ဘိန်းခွန်ငွေများ ကောက်ခံနေခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးထားမှုများအပေါ် လွယ်လွယ် ကူကူ ဖျောက်ဖျက်ရာရောက်နေသည်သာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တစ်ခုလုံးမှ လူငယ်များအတွက် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေသခံ၏ ပြောဆိုမှုများအရ သိရှိရပါသည်။

No comments:

Post a Comment