Pages

Friday, May 17, 2013

အပစ်အခတ် လုံးဝချုပ်ငြိမ်းပြီး နိုင်ငံရေး ဆွေးနွေးမှု အဆင့်သို့ ၂၀၁၅ ခုနှစ်မတိုင်မီ ရောက်ရှိပါက ကေအင်န်ယူမှ ရွေးကောက်ပွဲဝင်မည်


မေလ ၁၇ ရက်
 
အစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်များကို KNU ကိုယ်စားလှယ်များက ကရင်ပြည်သူများအား ရှင်းလင်းပွဲကို တွေ့ရစဉ်
 
အပစ်အခတ် လုံးဝချုပ်ငြိမ်းပြီး နိုင်ငံရေးဆွေးနွေးပွဲ အဆင့်သို့ ၂၀၁၅ ခုနှစ် မတိုင်မီ ရောက်ရှိပါက ၎င်းတို့အနေနှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ကေအင်န်ယူ ဗဟိုကော်မတီဝင် ဦးစောလှထွန်းက မေ ၁၄ ရက်တွင် ပြောကြားသည်။

''အစိုးရနဲ့ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးတာက အပစ်အခတ် ရပ်စဲရေးအဆင့်ပဲ ရှိပါသေးတယ်။ ဒီအဆင့်ပြီးရင် ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးကို ဒီထက်ပိုရဖို့ပါ။ ယုံကြည်မှုတွေ အခုထက်ပိုရလာပြီး နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ ကြိုးစားတည်ဆောက်မှာပါ။ ယုံကြည်မှုတွေ ခိုင်မာဖို့ကတော့ နှစ်ဖက်စလုံးက စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်'' ဟု ဦးစောလှထွန်းက ဆိုသည်။

ငြိမ်းချမ်းရေး ရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ပြည်နယ် အဆင့်အဖြစ် ဘားအံမြို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ပဲခူးတိုင်းတို့တွင် တိုင်းဒေသကြီးအဆင့် တွေ့ဆုံဆွေးနွေးမှုများ ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ဆွေးနွေးပွဲများ ထပ်မံကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အစိုးရနှင့် ကေအင်န်ယူအဖွဲ့တို့ နောက်ထပ်တွေ့ဆုံ ဆွေးနွေးမှုသည် ယခုလအတွင်း ဖြစ်နိုင်ကြောင်း၊ ဆွေးနွေးမှုများကိုလည်း နှစ်ဖက်တပ်များ လိုက်နာရန် လိုအပ်ကြောင်း၊ ၎င်းအနေအထားမှ နိုင်ငံရေး ဆွေးနွေးပွဲများဆီသို့ ရည်ရွယ်ပြီး ရွေးကောက်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း ကေအင်န်ယူမှ သိရသည်။

''အရင်တုန်းက အကျပ်ကိုင်မှုတွေကြောင့် လက်နက်ကိုင်တိုက်ခဲ့တာ။ အခု ဆွေးနွေးတဲ့အခါမှာ အကျပ်ကိုင်မှုတွေ မရှိတော့ဘူး။ နိုင်ငံရေး လမ်းကြောင်းပေါ်မှာ အောင်မြင်အောင်လုပ်မယ်။ စစ်ဖြစ်နေရင် ပျက်စီးဆုံးရှုံးတာပဲ ရှိတယ်။ ပြည်တွင်းမှာ အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ အားလုံးလိုက်နာမှ ဖြစ်မှာပါ'' ဟု ဦးစောသမိန်ထွန်းက ပြောကြားသည်။

ပင်လုံစာချုပ်အရ တိုင်းရင်းသားများ အနေဖြင့် တန်းတူအခွင့်အရေး ရရန်လိုအပ်ကြောင်း၊ ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ရန် တောင်းဆိုနေခြင်းမျိုး မဟုတ်ဘဲ တန်းတူရရန်နှင့် ရသင့်သော အခွင့်အရေးရရန် ရည်ရွယ်တောင်းဆိုနေခြင်း ဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးဂေဂေါ်ရီက ပြောကြားသည်။


EMG

No comments:

Post a Comment