Pages

Saturday, May 11, 2013

အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးသည် နှစ်ဖက်စလုံး၏ အမှန်တကယ် ငြိမ်းချမ်းရေး ရလိုမှုအပေါ်မူတည်


၁၁.၅.၂၀၁၃၊ စနေနေ့

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့အကြား ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးသည် နှစ်ဖက်စလုံး၏ အမှန်တကယ် ငြိမ်းချမ်းရေးရလိုမှုအပေါ် မူတည်နေဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။ 

အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု နှောင့်နှေးနေရခြင်းအပေါ် ဦးလမိုင်ခွန်ဂျာက ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဧပြီ ၆ ရက်က နှစ်ဖက်ဆွေးနွေးပွဲ လုပ်မယ်ဆိုပြီး မြစ်ကြီးနား မနောကွင်းမှာ ဆွေးနွေးပွဲလုပ်ဖို့ ကချင်ပြည်နယ် အစိုးရနဲ့ ပူးပေါင်းပြီး အားလုံးစီစဉ်ထားတာ ပျက်သွားတယ်။ အခုမေလဆန်းပိုင်းမှာ လုပ်မယ်ဆိုပြီး ကြားနေရပေမယ့် အခုအချိန်ထိ ဆွေးနွေးပွဲလုပ်ဖို့ ဘာမှမကြားရသေးဘူး။ ဆွေးနွေးပွဲ ဖြစ်ဖို့ဆိုတာက နှစ်ဖက်ယုံကြည်မှု တည်ဆောက်ဖို့လိုတယ်။ ငြိမ်းချမ်းရေး တကယ်ပဲ ဖြစ်စေချင်တယ်ဆိုရင် ယုံကြည်မှု တည်ဆောက်ဖို့လိုတယ်။ ဆွေးနွေးပွဲတွေဖြစ်ဖို့ နှစ်ဖက်လုံးအပေါ်မှာ မူတည်တယ်'' ဟု ဦးလမိုင်ခွန်ဂျာက ပြောသည်။ 

အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့သည် ဧပြီ ၆ ရက်က ချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမည့် ဆွေးနွေးပွဲ ရွှေ့ဆိုင်းပြီးနောက် ဧပြီလကုန်တွင် ဆွေးနွေးပွဲများ ဖြစ်လာမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆွေးနွေးနိုင်ခဲ့ခြင်း မရှိပေ။ ထို့နောက် မေလဆန်းတွင် ဆွေးနွေးမည်ဟု သတင်းများထပ်မံထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ နှစ်ဖက်ညှိနှိုင်းမှုများပြု လုပ်နေဆဲပင်ဖြစ်ကြောင်း သိရသည်။ 

တပ်မတော်နှင့် ကေအိုင်အေ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေမှုများသည်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို အဟန့်အတား ဖြစ်စေသည်ဟု ဦးလမိုင်ဂွန်ဂျာက သုံးသပ်ပြောကြားသည်။ 

အစိုးရနှင့် ကေအိုင်အိုအကြား ဆွေးနွေးမှုများ ရွှေ့ဆိုင်းမှုကြောင့် ဧပြီလအတွင်း၌ ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တို့၏ ဆွေးနွေးပွဲကို နောက်ဆုတ်ခဲ့ရပြီး ကေအိုင်အိုနှင့် အစိုးရအကြား ဆွေးနွေးမှုပြုလုပ်ပြီးမှသာ ဆွေးနွေးနိုင်မည်ဟု ယူအန်အက်ဖ်စီက သတင်းထုတ်ပြန်ထားသည်။ အစိုးရနှင့် ကေအိုင်အိုအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ၁၃ ကြိမ်ဝန်းကျင် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ သဘောတူညီမှု မရရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက်က ပြန်လည် ဖြစ်ပွားလာသည့် တိုက်ပွဲများသည် နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးမှု ပြုလုပ်ရန် နှောင့်နှေးနေဆဲပင် ဖြစ်သည်။

လက်ရှိအချိန်တွင် ကချင်ဒေသ၌ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း တစ်သိန်းဝန်းကျင် ရှိနေပြီး မကြာမီ မိုးကာလနှင့် ကျောင်းဖွင့်ရာသီလည်း ရောက်ရှိလာတော့မည်ဖြစ်ရာ ဒုက္ခသည်မိသားစုများ အနေဖြင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အကူအညီ များစွာ လိုအပ်နေကြောင်း သိရသည်။

Eleven Mdia Group

No comments:

Post a Comment