Pages

Monday, May 27, 2013

အလုပ်ရမယ်ပြောပြီး မရလို့ ပွဲစားကုမ္ပဏီ လျော်ကြေးပြန်ပေး

မေလ ၂၇ ရက်

ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသက ကြက်သားစက်ရုံတချို့မှာ အလုပ်ရမယ်လို့ပြောဆိုပြီး လွန်ခဲ့တဲ့ (၃) လခန့်ကတည်းက ကုန်ကျစရိတ်အဖြစ် ကြိုတင်ငွေ ဘတ်ငွေ (၁) သောင်းခွဲခန့်ရှိတဲ့ မြန်မာငွေ
(၅) သိန်း ပေးထားခဲ့ရတဲ့ မြန်မာအလုပ်သမား အယောက် (၃၀) ရဲ့ ကုန်ကျငွေတချို့ကို လူခေါ်တဲ့ Purple Co.Ltd ကုမ္ပဏီ က ပြန်လည်ပေးလျှော်လိုက်တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU) နဲ့ လူခေါ်ဆောင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်သမားခေါ်ဆောင်နိုင်တဲ့ ကိုတာခွဲတမ်း မရှိတော့တဲ့အတွက် အလုပ်သမားတဦးကို ထိုင်းဘတ်ငွေ (၁၂၀၀၀) စီ မနေ့က ပြန်လည်ပေးလျှော်ခဲ့တာဖြစ်ကြောင်း အလုပ်သမားတွေကို ကူညီပေးခဲ့တဲ့ မြန်မာပြည်သားများ အရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (JACBA) အဖွဲ့က ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းအစိုးရဆီက အလုပ်သမားခွဲတမ်းတွေ ကိုတာ မရှိတော့တဲ့အတွက် ကုမ္ပဏီကနေပြီးတော့ သူတို့ခေါ်ယူမယ့် အလုပ်သမားတွေကို ကုန်ကျစရိတ် ပြန်ပေးတဲ့သဘောပါပဲ၊ မြန်မာအလုပ်သမားတွေအတွက် မြန်မာကျပ်ငွေ ကျပ်(၅)သိန်းပေးရမယ်လို့ သူတို့ရဲ့ ပွဲစားတွေက ပြောတယ်ခင်ဗျ၊ ထိုင်းဘတ်ငွေနဲ့ဆိုရင် (၁)သောင်းခွဲလောက် ကျတာပေါ့ဗျာ၊ အခုကုမ္ပဏီကနေ အလုပ်မခေါ်တော့ဘူးဆိုတော့ ပြန်အမ်းငွေ (၁)သောင်း (၂)ထောင် ရတာပေါ့၊ ကုမ္ပဏီက သူတို့ပေးစရာရှိတဲ့ ပိုက်ဆံကို အတိအကျပေးလိုက်တယ် အဲဒီမှာ မြန်မာအလုပ်သမားတွေရဲ့ လက်ဝယ်ကို ကျန်(၂)သိန်းရသူရှိတယ်၊ (၃)သိန်းရသူရှိတယ်၊ (၃)သိန်းထက်မပိုတဲ့ ငွေပမာဏကို သူတို့လက်ဝယ်ပဲ ရရှိကြတယ်ဗျ ”

JACBA၊ မြန်မာသံရုံးနဲ့ ထိုင်းအလုပ်သမား အခွင့်အရေးကာကွယ်ရေး ရုံးတွေကနေ ပူးပေါင်းဆောင်ရွက်ပေးလို့ အခုလိုကုမ္ပဏီက လျော်ကြေးပြန်ပေးခဲ့တာလို့လဲ သိရပါတယ်။

ဒီအလုပ်သမားတွေဟာ မကွေးတိုင်း အောင်လံမြို့က (၂၄) ဦး၊ နတ်မောက်မြို့က (၁) ဦး၊ ပဲခူးတိုင်းက (၄) ဦးနဲ့ ဧရာဝတီတိုင်းက (၁) ဦးတို့ဖြစ်ကြပါတယ်။

ဒါဟာပထမဆုံးအကြိမ် MOU နဲ့ခေါ်တဲ့ အလုပ်သမားတွေရဲ့ ကုန်ကျစရိတ်ကို အလုပ်သမားခေါ်တဲ့ ပွဲစားကုမ္ပဏီက ပြန်လည်ပေးလျှော်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA

No comments:

Post a Comment