ဇွန်လ ၁၅ ရက်
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ဇွန်လ ဒုတိယပတ်မှ စ၍ နေ့စဉ် တရက်လျှင် ပျှမ်းမျှ တန်ချိန် ၂,၀၀၀ ဝန်းကျင် ဝင်ရောက်လာနေကြောင်း နမ်းခမ်း-မူဆယ် ကုန်သည်များအသင်း မှတဆင့် သိရသည်။
“ဆန် ဝင်ရောက်မှုက ဆက်တိုက်ဖြစ်နေတဲ့အတွက် မူဆယ် ဆန်ဂိုဒေါင်တွေမှာ ဆန်တွေ ပြည့်နေပါတယ်။ တချို့ဆိုရင် ကားပေါ်မှာ တရက် နှစ်ရက် ထားပြီးမှ ရောင်းတာတွေလည်း ရှိတယ်” ဟု အသင်း၏ ဥက္ကဋ္ဌ ဦးဟန်စိန် က ပြောသည်။
မူဆယ် ကုန်စည်ဒိုင်သို့ ဇွန်လ ၈ ရက်မှ စတင်၍ ပြည်နယ်နှင့် ဒေသအသီးသီးမှ ဆန်များ ပုံမှန် ဝင်ရောက်မှု ထက် ပိုမိုတင်သွင်းမှု ရှိလာခဲ့ပြီး ဆန်ချောနှင့် ဆန်ကြမ်းပါ ဆတူနီးပါး ဝင်ရောက်နေသည်။
“ဧရာဝတီ တိုင်းဒေသကြီးမှ ဆန်တွေ ဝင်ရောက်မှု ပိုများပါတယ်။ ဒေသစုံ နေရာစုံက ဆန်တွေလည်း ဝင်ရောက်မှု ရှိနေပါတယ်။ အဓိက ကတော့ နယ်စပ်မှာ ယွမ်ဈေးနှုန်း တက်နေတာကြောင့်ရယ်၊ မနေ့က ဇွန် ၁၂ ရက်ကဆိုရင် ၁ ယွမ်ကို ၆၄၉ ကျပ်လောက် ရှိတယ်။ ပြီးတော့ ဇွန်လ ၁၄ ရက်က စပြီး ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာဆိုတဲ့ ကြေညာချက် ထုတ်ပြန်ထားတဲ့အတွက် ဇွန်လ ၁၄ ရက်နေ့မတိုင်မီ အခွန် လွတ်လို့လွတ်ငြား နယ်စပ်ဘက်ကို ဆန်တွေ အရင်သယ်ယူလာကြတာလို့ သိရတယ်” ဟု မူဆယ်အခြေစိုက် ကုန်သည် ဦိးမြမောင် က ပြောသည်။
နယ်စပ် ဆန်ပေါက်ဈေးများမှာ ဆန်ကြမ်း ၁ တန်လျှင်၂,၈၀၀ ယွမ်မှ ၃,၂၀၀ ယွမ်အထိ ရှိနေပြီး ဆန်ချော ၁ တန်လျှင် ၃,၇၀၀ မှ ၃,၈၀၀ ယွမ်ဖြင့် ဆန်အရည်အသွေးအလိုက် ပုံမှန် ဈေးနှုန်းအတိုင်း အရောင်းအဝယ်
ဖြစ်လျက်ရှိသည်။
“ဆန်တွေ အဝင်များပြီး ဆန်အရောင်းအဝယ်က ပုံမှန်ဆိုတော့ ဂိုဒေါင်တွေမှာ ဆန်တွေ အပြည့် ဖြစ်နေပါ တယ်။ ဇွန် ၁၄ ရက်နေ့လောက်အထိတော့ အဝင်များနေဦးမယ် ခန့်မှန်းပါတယ်” ဟု ဦးဟန်စိန် က ဆက်လက်ပြောကြားသည်။
ယင်းသို့ ဆန်တင်ပို့မှု များလာသဖြင့် မန္တလေး-မူဆယ် ကုန်ခများမှာလည်း ယခင်က ၁ ပိဿာလျှင် ၄၅-၄၈ ကျပ်မှ ယခုအခါ ၇၈ ကျပ်သို့ ရောက်ရှိလာကြောင်း သိရသည်။
Mizzima
No comments:
Post a Comment